ငွေကြေးပိုင်း အင်အားတောင့်တင်းလှတဲ့ ပိုင်ရှင်အသစ်တွေရဲ့ လက်အောက်ကို ရောက်ရှိလို့နေတဲ့ နယူးကာဆယ်ယူနိုက်တက်အသင်းဟာ ပြီးခဲ့တဲ့ရက်ပိုင်းက ဘန်လေအသင်းကို အနိုင်ရထားခဲ့ပေမယ့်လည်း လက်ရှိအချိန်ထိ ရလဒ်ဆိုးတွေကြားကနေ မရုန်းထွက်နိုင်သေးတာကြောင့် လာမယ့် ဇန်နဝါရီလ ဆောင်းရာသီ အပြောင်းအရွှေ့ စျေးကွက်ဖွင့်လှစ်ချိန်မှာပဲ အသင်းရဲ့ တိုက်စစ်ပိုင်းအတွက် အန်တိုနီမာစီယဲလ်နဲ့ အီဒင်ဂျက်ကိုတို့ကို အရခေါ်ယူသွားဖို့ စီစဉ်လျက် ရှိနေတယ်လို့ သိရှိရပါတယ်။

Photo Credit : SPORTbible

နယူးကာဆယ်အသင်းဟာ ပြီးခဲ့တဲ့ အောက််တိုဘာလမှာပဲ ငွေကြေးကြွယ်ဝချမ်းသာမှု အလွန်များပြားလှတဲ့ လုပ်ငန်းရှင်တွေနဲ့ လက်တွဲခဲ့ပြီးတဲ့နောက် အသင်းရဲ့ အနာဂတ် အခြေအနေက စိတ်ဝင်စားစရာ ဖြစ်လာခဲ့ရပေမယ့်လည်း လက်ရှိအချိန်ထိတော့ ပရီးမီးယားလိဂ် အမှတ်ပေးဇယားရဲ့ အဆင့်(၁၉)နေရာ တန်းဆင်းဇုန်အတွင်း ရောက်ရှိလို့နေပြီး ပွဲစဉ်(၁၇)ပွဲ ကစားထားအပြီးမှာ နိုင်ပွဲ(၁)ပွဲလေးသာ ရှိနေရသေးတာ ဖြစ်ပါတယ်။ ဒါကြောင့် အသင်းပိုင်ရှင်တွေအနေနဲ့ လာမယ့် ဆောင်းစျေးကွက်အတွင်းမှာ အသင်းအတွက် ကစားသမားသစ် အင်အားဖြည့်တင်းဖို့ မဖြစ်မနေကို လိုအပ်လာခဲ့ရတာ ဖြစ်ပါတယ်။

Photo Credit : Daily Mail

ဒီလို ကစားသမားသစ်တွေ ခေါ်ယူဖို့ လိုအပ်လာခဲ့တဲ့ နယူးကာဆယ်အသင်းဟာ မန်ချက်စတာယူနိုက်တက်အသင်းနဲ့ လက်တွဲဖြတ်ဖို့ ဆန္ဒရှိလို့နေတဲ့ ပြင်သစ်တိုက်စစ်ကစားသမား အန်တိုနီမာစီယဲလ်ကို ပေါင်(၆)သန်းတန် အငှားစာချုပ်နဲ့ ကမ်းလှမ်းသွားဖို့ ပြင်ဆင်နေတဲ့အပြင် မန်စီးတီးအသင်းနဲ့ ပရီးမီးယားလိဂ်မှာ ကျင်လည်ခဲ့ဖူးတဲ့ ဘော့စနီးယား ဝါရင့်တိုက်စစ်မှူးကြီး အီဒင်ဂျက်ကိုပါ အင်္ဂလန်ဘောလုံးနယ်ပယ်ဆီ ပြန်လည်ခေါ်ဆောင်သွားဖို့ ချိန်ရွှယ်နေတာ ဖြစ်ပါတယ်။ ယူနိုက်တက်အသင်းရဲ့ တိုက်စစ်ကစားသမား မာစီယဲလ်ဟာ ၂၀၁၅ခုနှစ်ကတည်းက မိုနာကိုအသင်းကနေ ပရီးမီးယားလိဂ်ပြိုင်ပွဲကို ရောက်ရှိလာခဲ့သူဖြစ်ပြီး အရည်အသွေး ပြည့်ဝတဲ့ ကစားသမာတစ်ဦး ဖြစ်ပေမယ့်လည်း နောက်ပိုင်းနှစ်တွေမှာ သူရဲ့ခြေစွမ်းပိုင်း ကျဆင်းမှုတွေကြောင့် နေရာပျောက်ဆုံးလာခဲ့ရတဲ့အပေါ် မာစီယဲလ်ကိုယ်တိုင် စိတ်ပျက်လာခဲ့ပြီး လာမယ့် စျေးကွက်အတွင်းမှာပဲ အသင်းကနေ ထွက်ခွာချင်နေတာ ဖြစ်ပါတယ်။ ဒီလို အခြေအနေ ရှိလို့နေတဲ့ မာစီယဲလ်ကို နယူးကာဆယ်အသင်းက ဒီနှစ်ရာသီကုန်ထိ အငှားနဲ့ ခေါ်ယူချင်ခဲ့တာဖြစ်ပြီး နောက်ထပ် တိုက်စစ်ကစားသမားဖြစ်တဲ့ အင်တာမီလန် တိုက်စစ်မှူးကြီး ဂျက်ကိုကိုလည်း ခေါ်ယူအားဖြည့်သွားချင်နေတယ်လို့ သိရပါတယ်။