ပရီးမီးယားလိဂ်ပြိုင်ပွဲမှာ တခေတ် တခါကလို အောင်မြင်မှုတွေ ပြန်လည် ရရှိအောင် ကြိုစားဖို့ ပြင်ဆင်နေတဲ့ နယူးကာဆယ်အသင်းဟာ မကြာသေးမီကမှ စည်းကမ်းပိုင်း မလိုက်နာမှုကြောင့် အာဆင်နယ် အသင်းရဲ့ အသင်းခေါင်းဆောင် ရာထူးကနေ ဖယ်ရှားခံထားရသလို အသင်းနဲ့ လေ့ကျင့်ခန်း ဆင်းခွင့်တောင် မရတော့တဲ့ တိုက်စစ်မှူး အူဘာမီယန်းကို ခေါ်ယူဖို့ စိတ်ဝင်စားနေကြောင်း ဗြိတိန် အခြေစိုက် သတင်းဌာနတွေက ဖော်ပြလာပါတယ်။

အသက် ၃၂နှစ် အရွယ် ဂါဘွန်လက်ရွေးစင် အသင်းခေါင်းဆောင် အူဘာမီယန်းဟာ ၂၀၁၈ခုနှစ်မှာ ဒေါ့မွန်အသင်း ကနေ အာဆင်နယ်အသင်းထံ ပြောင်းရွှေ့ကြေး ယူရို ၆၀သန်းကျော်နဲ့ ပြောင်းရွှေ့လာသူ ဖြစ်ပြီး အသင်းထံ စတင် ရောက်ရှိတဲ့ အချိန်မှာ အသင်းရဲ့ အဓိက တိုက်စစ်မှူး အဖြစ် ခြေစွမ်းပြ သွင်းဂိုးတွေ သွင်းယူနိုင်ခဲ့ပေမယ့် ၂၀၂၀ခုနှစ် စက်တင်ဘာလမှာ အသင်းနဲ့ ကာလရှည် စာချုပ်တရပ် ချုပ်ဆိုခဲ့ပြီးနောက် ခြေစွမ်းကောင်းတွေ ထုတ်ပြနိုင်ဖို့ ရုန်းကန်နေရသူပါ။

Photo Credit: Football London

အူဘာမီယန်းဟာ ပြီးခဲ့တဲ့ ဘောလုံးရာသီမှ စတင်ကာ အာဆင်နယ်အသင်းရဲ့ အသင်းခေါင်းဆောင် အဖြစ် စတင် တာဝန်ယူခဲ့ရပေမယ့် သူ့ရဲ့ အေးတိအေးစက်နိုင်မှု ၊ အသင်းဖော်တွေကို စိတ်အားတက်ကြွအောင် လှုံ့ဆော်ရာမှာ အားနည်းမှုတို့ကြောင့် အာဆင်နယ်အသင်းရဲ့ အဆိုးဝါးဆုံး အသင်းခေါင်းဆောင်တွေထဲက တဦး အဖြစ် သတ်မှတ်ခံထားရသူလည်း ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ရက်သတ္တပတ် အနည်းငယ် အတွင်းမှာတော့ အူဘာမီယန်းနဲ့ အာဆင်နယ် တာဝန်ရှိသူတို့ရဲ့ ကြားမှာ ကြီးမားတဲ့ ဆက်ဆံရေး ပြိုကွဲမှုတွေ ဖြစ်ပေါ်ခဲ့ပြီး အာဆင်နယ်အသင်းက အူဘာမီယန်းကို စည်းကမ်းပိုင်း အားနည်းတယ် ဆိုတဲ့ အကြောင်းပြချက်နဲ့ အသင်းခေါင်းဆောင် ရာထူးကနေ ဖြုတ်ချခဲ့သလို အူဘာမီယန်းကလည်း ဇန်နဝါရီ အပြောင်းအရွှေ့မှာပဲ အသင်းကနေ ထွက်ခွာဖို့ စတင် ကြိုးစားလာပါတယ်။

Photo Credit: Football London

နာမည်ကြီး သတင်းဌာန တခု ဖြစ်တဲ့ Mirror သတင်းဌာနရဲ့ ဖော်ပြချက်အရ ယခုနှစ် ဘောလုံးရာသီမှာ တန်းဆင်းရမယ့် အန္တရာယ်နဲ့ ရင်ဆိုင်နေရတဲ့ နယူးကာဆယ် အသင်းဟာ အူဘာမီယန်းကို ရာသီဝက်အငှား + ရာသီကုန်မှာ အပြီးသတ် ခေါ်ယူခွင့်နဲ့ ကမ်းလှမ်းဖို့ ပြင်ဆင်နေပြီး အူဘာမီယန်းကလည်း နယူးကာဆယ် အသင်းဆီ ပြောင်းရွှေ့ကာ သူ့ရဲ့ တန်ဖိုးကို ပြသချင်နေကြောင်း သိရပါတယ်။

နယူးကာဆယ်နဲ့ နီးစပ်သူတွေကလည်း အသင်းဘက်က အူဘာမီယန်းကို ခေါ်ယူဖို့ စိတ်ဝင်စားနေမှုအား အတည်ပြုပေးခဲ့ကြပြီး နယူးကာဆယ် အသင်းဟာ အူဘာမီယန်းကို ရာသီဝက်အငှား + ရာသီကုန်မှာ ပေါင် ၂၀သန်းနဲ့ ခေါ်ယူခွင့် ပါတဲ့ ကမ်းလှမ်းမှု တရပ်ကို မကြာခင်မှာ ပြုလုပ်ဖို့ ရှိနေကာ အာဆင်နယ်အသင်းက သူတို့ရဲ့ ကမ်းလှမ်းမှုကို လက်ခံမယ်လို့ မျှော်လင့်ထားကြောင်း သတင်းဌာနတွေကို ပြောကြားထားပါတယ်။