MySport Myanmar

နယူးကာဆယ်နဲ့ မန်ယူပွဲ အပါအဝင် တနင်္ဂနွေနေ့ည ပွဲတွေ အတွက် ပွဲကြို ခန့်မှန်းချက်

ကဲ Super Sunday ကနေ ပရိသတ်ကြီး အားလုံးကို ပြန်လည် ကြိုဆိုလိုက်ပါတယ်။ ဒီနေ့ညမှာတော့ နယူးကာဆယ်နဲ့ မန်ယူ ပွဲစဉ်လို ချန်ပီယံလိဂ်ဝင်ခွင့် အတွက် အကြိတ်အနယ် ယှဉ်ပြိုင် ကစားကြမယ့် ပွဲကြီးပွဲကောင်း အပြင် တခြား စိတ်ဝင်စားစရာ ပွဲကောင်းတွေလည်း ရှိနေပါသေးတယ်။ ဒါကြောင့် ကျွန်တော်တို့က ထုံးစံအတိုင်းပဲ ပရိသတ်တွေ အတွက် ပွဲကြို သုံးသပ်ချက်လေးတွေ တင်ဆက်ပေးချင်ပါတယ်။ စလိုက်ရအောင်ဗျာ…။

Photo Credit: The Sun

နယူးကာဆယ်နဲ့ မန်ယူ (တနင်္ဂနွေနေ့ည ၁၀နာရီ)

ဒီပွဲက ကာရာဘောင်းဗိုလ်လုပွဲရဲ့ မကျေပွဲပါပဲ။ ကာရာဘောင်းဗိုလ်လုပွဲမှာ မန်ယူက နယူးကာဆယ်ကို ခြေစွမ်းအသာ ၊ ဂိုးအသာနဲ့ အနိုင်ရခဲ့ပေမယ့် ဒီပွဲမှာတော့ အဲ့ဒီလို ခြေပြတ်ဂိုးပြတ် နိုင်ပွဲမျိုး ရဖို့ ခက်ပါလိမ့်မယ်။ နယူးကာဆယ်က ဖလားဗိုလ်လုပွဲမှာ ဖိအားတွေကြောင့် မန်ယူကို ယှဉ်ဖို့ ခက်ခဲခဲ့ပေမယ့် လိဂ်ပွဲ ၊ အထူးသဖြင့် အိမ်ကွင်းပရိသတ်တွေရှေ့မှာ ကစားရမယ့် ပွဲမှာတော့ မန်ယူကို ယှဉ်ကစားနိုင်ပါတယ်။

နယူးကာဆယ်က နောက်ဆုံး ကစားခဲ့တဲ့ အိမ်ကွင်း ၆ပွဲမှာ ၄ပွဲနိုင် ၊ ၁ပွဲသရေ ၊ ၁ပွဲရှုံး ဆိုတဲ့ ရလဒ်မျိုးကို ပိုင်ဆိုင်ထားပေမယ့် အသင်းကြီးတွေနဲ့ ကစားခဲ့တဲ့ နောက်ဆုံး ၃ပွဲမှာ ၃ပွဲစလုံး အရေးနိမ့်ထားပြီး သွင်းဂိုး တဂိုးမှ မသွင်းနိုင်ခဲ့တာကို သတိထားရပါမယ်။ တဖက်မှာလည်း မန်ယူက ဖလားပွဲတွေမှာ ရလဒ်ကောင်းတွေ တောက်လျှောက် ရနေပေမယ့် နောက်ဆုံး ကစားခဲ့တဲ့ လိဂ်ပွဲ ၅ပွဲမှာ ၂ပွဲနိုင် ၊ ၂ပွဲသရေနဲ့ ၁ပွဲရှုံး ဆိုတဲ့ ရလဒ်ကို ပိုင်ဆိုင်ထားတာကြောင့် သူတို့အသင်းရဲ့ ခြေစွမ်းကို အပြည့် ယုံလို့ မရသေးပါဘူး။

ဒါပေမယ့် အဆင့်(၃)နေရာနဲ့ ရာသီသိမ်းနိုင်ဖို့ ဦးတည် ကြိုးစားလာမယ့် မန်ယူက ဒီပွဲမှာ နယူးကာဆယ်ထက် ပိုကောင်းတဲ့ ယုံကြည်မှုမျိုးနဲ့ ကစားလာပါလိမ့်မယ်။ ဒါကြောင့် မန်ယူကပဲ အဝေးကွင်းမှာ နိုင်ပွဲ ရယူသွားမယ်လို့ ထင်ပါတယ်။

ခန့်မှန်းရလဒ် – နယူးကာဆယ် ၀-၂ မန်ယူ

Photo Credit: The Sun

နာပိုလီနဲ့ အေစီမီလန် (တနင်္လာနေ့ မနက် ၁နာရီ ၁၅မိနစ်)

ဒီပွဲက ရည်မှန်းချက် မတူညီတဲ့ အသင်းနှစ်သင်း ထိပ်တိုက် တွေ့ဆုံကြတဲ့ ပွဲစဉ်ပါ။ ဇယားထိပ်မှာ ရှိနေတဲ့ နာပိုလီက စီးရီးအေ ချန်ပီယံဆုကို ခပ်မြန်မြန် ယူနိုင်ဖို့ နိုင်ပွဲတွေ ဆက်တိုက် ရအောင် ကြိုးစားနေသလို အေစီမီလန်က ချန်ပီယံလိဂ်ဝင်ခွင့်ရရေး အတွက် နောက်ပိုင်းပွဲတွေကို အားထည့် ကစားနေပါတယ်။

ဒါပေမယ့် အေစီမီလန်က နောက်ဆုံး ကစားခဲ့တဲ့ ပြိုင်ပွဲစုံ ၄ပွဲဆက် နိုင်ပွဲ ပျောက်ထားသလို အဝေးကွင်းခြေကလည်း ယုံကြည်လို့ မရပါဘူး။ တဖက်မှာ နာပိုလီက နောက်ဆုံး ကစားခဲ့တဲ့ ပြိုင်ပွဲစုံ ၁၀ပွဲမှာ ၉ပွဲ အထိ အနိုင်ရထားတာကြောင့် အိမ်ရှင် အားသာချက်လည်း ရှိနေတဲ့ နာပိုလီက ဒီပွဲမှာ အေစီမီလန်ထက် ပိုပြီး အခြေအနေကောင်းမှာ သေချာပါတယ်။ ဒါပေမယ့် အိုဆီမန် တယောက် ဒဏ်ရာကြောင့် ဒီပွဲကို လွဲမှာ ဖြစ်လို့ နာပိုလီက အေစီမီလန်ကို နိုင်ရင်တောင် ဂိုးမပြတ်လောက်ပါဘူး။

ခန့်မှန်းရလဒ် – နာပိုလီ ၂-၀ အေစီမီလန်

Photo Credit: The Sun

ပီအက်စ်ဂျီနဲ့ လိုင်ယွန် (တနင်္လာနေ့ မနက် ၁နာရီ ၁၅မိနစ်)

ပီအက်စ်ဂျီနည်းပြ ဂယ်လ်တီယာ အတွက် ဒီပွဲရဲ့ ရလဒ်ပိုင်းက အရမ်းကို အရေးကြီးပါတယ်။ ချန်ပီယံလိဂ်ပြိုင်ပွဲ ကနေ ထွက်ခွာခဲ့ရသလို နောက်ဆုံး ကစားခဲ့တဲ့ပွဲမှာ ရန်းနက်စ်ကို အိမ်ကွင်းမှာပဲ အရှက်တကွဲနဲ့ ရှုံးထားခဲ့သလို့ ပဲရစ်သားတွေက ဒီပွဲမှာ ပေါက်ကွဲပြဖို့ ကြိုးစားလာပါလိမ့်မယ်။

တဖက်မှာတော့ လိုင်ယွန်က နောက်ဆုံး ကစားခဲ့တဲ့ ၃ပွဲဆက် သရေကျထားသလို လီဂူးဝမ်းမှာလည်း အဆင့်(၁၀)နေရာ အထိ ရောက်ရှိနေပါတယ်။ ဒါကြောင့် ဒီပွဲမှာ လိုင်ယွန်က ပီအက်စ်ဂျီကို ယှဉ်ကစားဖို့ မလွယ်ပဲ မက်ဆီနဲ့ အမ်ဘာပေတို့ ဦးဆောင်လာမယ့် ပီအက်စ်ဂျီကသာ လိုင်ယွန်ကို ဂိုးပြတ်နိုင်သွားပါလိမ့်မယ်။

ခန့်မှန်းရလဒ် – ပီအက်စ်ဂျီ ၃-၁ လိုင်ယွန်

Exit mobile version