ဆောင်းရာသီ အပြောင်းအရွှေ့စျေးကွက်အတွင်းမှာ နယူးကာဆယ်အသင်း ငွေကြေးအလုံးအရင်းနဲ့ ကစားသမားသစ်တွေကို ရသလောက် ခေါ်ယူနိုင်ခဲ့ပေမယ့်လည်း အများအမြင်မှာတော့ နယူးကာဆယ်ဟာ ရာသီဝက်ကတည်းက ရလဒ်တွေ ဆက်တိုက်ဆိုးရွှားထားတာကြောင့် ပရီးမီးယားလိဂ်မှာ ကျန်ရစ်နိုင်ဖို့ အတော်လေး ခက်ခဲလိမ့်မယ်လို့ ထင်မြင်ခဲ့ကြပါတယ်။ ဒါပေမယ့် အံ့အားသင့်စရာကောင်းလောက်အောင်ပဲ နယူးကာဆယ်အသင်းဟာ ၂၀၂၂ခုနှစ်အတွင်းမှာ လီဗာပူးလ် မန်စီးတီးအသင်းတို့နောက် တတိယမြောက် ရလဒ်အကောင်းဆုံး ပရီးမီးယားလိဂ် ကလပ်အသင်းအဖြစ်ကို သတ်မှတ်ခံထားရပါတယ်။

Photo Credit : CNN

ဆောင်းစျေးကွက်ထဲ ညာနောက်ခံလူ ထရစ်ပီယာ ဘယ်နောက်ခံလူ တားဂတ် ဗဟိုနောက်ခံလူ ဒန်ဘမ်း ကွင်းလယ်ကစားသမား ဂွီမာရေ့စ်နဲ့ တိုက်စစ်မှူး ခရစ္စဝုဒ်တို့ကို ခေါ်ယူအားဖြည့်ခဲ့တဲ့ နယူးကာဆယ်အသင်းဟာ တကယ်ကို အားကောင်းလှတဲ့ အားဖြည့်မှုမျျျိုးကို ပြုလုပ်ခဲ့တာ မဟုတ်ပေမယ့်လည်း အသင်းရဲ့ လိုအပ်နေတဲ့ နေရာအစုံကို အားဖြည့်ခဲ့တာဖြစ်လို့ အသင််းက ကစားပုံ ပိုကောင်းလာခဲ့သလို ရလဒ်တွေလည်း မထင်ထားလောက်အောင်ကို ကောင်းမွန်လာခဲ့ရပါတယ်။ နယူးကာဆယ်အသင်းဟာ ၂၀၂၂ခုနှစ် နှစ်အစဆုံး ကစားရတဲ့ အက်အေဖလားပွဲစဉ်မှာပဲ ကိန်းဘရစ်ချ်အသင်းလေးကို အိမ်ကွင်းမှာ အရေးနိမ့်ခဲ့လို့ ပြိုင်ပွဲကနေ စောစောစီးစီး ထွက်ခဲ့ရပေမယ့်လည်း အဲ့ဒီနောက်ပိုင်းမှာပဲ အသင်းရဲ့ရလဒ်တွေ ပြန်လည်ကောင်းမွန်လာခဲ့ရတာ ဖြစ်ပါတယ်။

Photo Credit : Sky Sports

နယူးကာဆယ်အသင်းဟာ ၂၀၂၂ခုနှစ်မှာ ပရီးမီးယားလိဂ် ပွဲစဉ်ပေါင်း (၇)ပွဲအထိ ပါဝင်ကစားထားခဲ့ရပြီး အဲ့ဒီထဲကမှ (၅)ပွဲအထိ အနိုင်ယူထားခဲ့သလို ကျန်တဲ့ (၂)ပွဲကိုတော့ သရေရအောင် ကစားထားနိုင်ခဲ့လို့ ၂၀၂၂ခုနှစ်အတွင်း ပရီးမီးယားလိဂ်မှာ ရှုံးပွဲမရှိသေးတဲ့အသင်း ဖြစ်နေရပါတယ်။ နယူးကာဆယ်အသင်းဟာ ဝက်ဖို့ဒ်နဲ့ ဝက်စ်ဟမ်းတို့ကိုသာ သရေကျထားခဲ့တာဖြစ်ပြီး လိဒ်စ်ယူနိုက်တက် အဲဗာတန် အက်စတွန်ဗီလာ ဘရန့်ဖို့ဒ်နဲ့ ဘရိုက်တန်အသင်းတွေကို အနိုင်ရထားခဲ့ပါတယ်။ ဒီလို ရှုံးပွဲမရှိအောင် ကစားထားနိုင်တဲ့ နယူးကာဆယ်ဟာ အခုဆိုရင် အမှတ်ပေးဇယားရဲ့ အဆင့်(၁၄)နေရာထိ ရောက်ရှိနေသလို တန်းဆင်းဇုန်နဲ့လည်း (၇)မှတ်လောက်ထိ အမှတ်ပြတ်ထားခဲ့ရပါတယ်။ လက်ရှိ နယူးကာဆယ်အသင်းရဲ့ အဓိကပစ်မှတ်ဟာလည်း ဒီရာသီ ပရီးမီးယားလိဂ်ကနေ တန်းမဆင်းရဖို့သာဖြစ်ပြီး တကယ်လို့ ဒီပုံစံအတိုင်း ဆက်ထိန်းထားနိုင်ရင်း တန်းမဆင်းခဲ့ပဲ ပရီးမီးယားလိဂ်မှာသာ ကျန်ရစ်ခဲ့မယ်ဆိုရင် လာမယ့်နွေမှာပဲ ကြီးကြီးမားမား ကစားသမားဖြည့်တင်းမှုတွေကို လုပ်ဆောင်သွားပြီး အသင်းကိုလည်း ကလပ်အသင်းကြီးတစ်သင်း ပုံစံအတိုင်း အမှန်အကန် တည်ဆောက်သွားဖွယ် ရှိနေပါတယ်။