ပရီးမီးယားလိဂ် ပြန်လည်စတင်ကစားချိန်ကနေ ခုထိ ရှံးပွဲလုံးဝမရှိသေးပဲ တန်းဆင်းဇုန်နဲ့ဝေးရာကို အလွတ်ရုန်းထွက်နေတဲ့ နယူးကာဆဲလ်အသင်းနဲ့ လန်ဒန်ဒါဘီမှာ ချယ်လ်ဆီးကို အနိုင်ရပြီး တန်းဆင်းဇုန်ကနေ လွတ်မြောက်ဖို့ မျှော်လင့်ချက်ရှိလာခဲ့တဲ့ ဝက်စ်ဟမ်းအသင်းတို့ဟာ ဒီနေ့ညမှာ ပရီးမီးယားလိဂ် ပွဲစဉ်(၃၃)အဖြစ် ထိပ်တိုက်တွေ့ဆုံနေကြပြီး တစ်ဖက်ကို (၂)ဂိုးစီနဲ့ သရေကျသွားခဲ့ပါတယ်။

Photo Credit : Getty Image

အိမ်ရှင်နယူးကာဆဲလ်အသင်းဘက်မှာ ဂိုင်းလ် အယ်မီရွန် ဂျိုးလင်တန် စိန့်မက်ဆီမန် ရှယ်ဗေး ဟေးဒန် ခရက်ဖ် လက်ဆဲလက်စ် ဖာနန်ဒက်ဇ် မန်ကွီလို ဒူဘရာကာတို့ ပါဝင်လာခဲ့ပြီးတော့ ဝက်စ်ဟမ်းဘက်မှာလည်း အန်တိုနီယို ဖော်နယ်စ် လန်ဇီနီ ဘိုဝင် ရိုက်စ် ဆူဆက် ခရက်စ်ဝဲလ် အော့ဘွန်နာ ဒီအော့ ဖရက်ဒရစ်နဲ့ ဖာဘီယန်စကီးတို့ ပါဝင်လာခဲ့ပါတယ်။ ပွဲအစပိုင်း (၄)မိနစ်အတွင်းမှာ ဧည့်သည်ဝက်စ်ဟမ်းတို့ စတင်ဦးဆောင်ခွင့်ရခဲ့ပြီး အန်တိုနီယိုက အနီးကပ်ပိတ်သွင်းခဲ့တာဖြစ်ပါတယ်။ ဒီဂိုးကတော့ နယူးကာဆဲလ်နောက်ခံလူ လက်ဆဲလက်စ်ရဲ့အမှားကနေတစ်ဆင့် ခွင့်ပြုခဲ့ရတာလည်းဖြစ်ပါတယ်။ (၁၇)မိနစ်မှာတော့ အယ်မီရွန်က နယူးကာဆဲလ်အတွက် ချေပဂိုး ပြန်လည်သွင်းယူနိုင်ခဲ့ပါတယ်။

Photo Credit : Getty Image

ဒုတိယပိုင်းမှာတော့ အသင်းနှစ်သင်းလုံး တိုက်စစ်သွားဖို့ထက် ခံစစ်ပိုင်းကိုပဲ ပိုမိုအလေးထားနေခဲ့တာကြောင့် ထိရောက်တဲ့ ဂိုးကန်ချက်တွေကို မြင်တွေ့ရခြင်းမရှိတော့ပဲ အေးစက်နေခဲ့ရပေမာ့် (၆၅)မိနစ်မှာတော့ ဝက်စ်ဟမ်းကွင်းလယ်လူ ဆူဆက်က အသင်းအတွက် ဦးဆောင်ဂိုး ပြန်လည်သွင်းယူခဲ့သလို ဂိုးသွင်းပြီး တစ်မိနစ်တောင် မကြာခင်မှာပဲ ရှယ်ဗေးက နယူးကာဆဲလ်အတွက် ချေပဂိုးကို ပြန်လည်သွင်းယူနိုင်ခဲ့ပါတယ်။