ဆော်ဒီအာရေဗျ ပြည်သူပိုင် ရင်းနှီးမြှုပ်နှံမှု အဖွဲ့အစည်းရဲ့ လက်အောက်ကို ရောက်ရှိသွားပြီးနောက် ဆယ်စုနှစ် တခု အတွင်း ဥရောပရဲ့ အကောင်းဆုံး အသင်းတွေထဲက တသင်း ဖြစ်လာရမယ် ဆိုပြီး ရည်မှန်းချက် ရှိနေတဲ့ နယူးကာဆယ်အသင်းဟာ သူတို့အသင်းရဲ့ နည်းပြသစ် အဖြစ် လက်စတာ စီးတီးအသင်းရဲ့ နည်းပြ ဘရန်ဒန် ရော်ဂျာကို ခေါ်ယူချင်နေကြောင်း ဗြိတိန် အခြေစိုက် သတင်းဌာနတွေက အခိုင်အမာ ဖော်ပြသွားကြပါတယ်။

နယူးကာဆယ်အသင်းဟာ လက်ရှိမှာ ပရီးမီးယားလိဂ် ပြိုင်ပွဲရဲ့ အဆင့် ၁၉ အထိ ရောက်ရှိနေတာကြောင့် နယူးကာဆယ်ရဲ့ ပိုင်ရှင်အသစ် ဖြစ်တဲ့ ဆော်ဒီအာရေဗျ ပြည်သူပိုင် ရင်းနှီးမြှုပ်နှံမှု အဖွဲ့အစည်းဟာ လက်ရှိနည်းပြ စတိဗ်ဘရုစ်ကို ရာထူးကနေ ထုတ်ပယ်ဖို့ ဆုံးဖြတ်ထားပြီး သူ့ရဲ့နေရာကို အစားဝင်နိုင်မယ့် နည်းပြတဦးကို ရှာဖွေနေပါတယ်။

Photo Credit: Bein Sports

နယူးကာဆယ်အသင်းရဲ့ နည်းပြသစ် လျာထားစာရင်းမှာတော့ ရိန်းဂျားနည်းပြ ဂျာရတ် ၊ ချယ်လ်ဆီးနဲ့ ဒါဘီ နည်းပြဟောင်း လမ်းပတ် ၊ လက်စတာနည်းပြ ရော်ဂျာ ၊ ချယ်လ်ဆီးနဲ့ အင်တာမီလန် နည်းပြဟောင်း ကွန်တီတို့ ပါဝင်နေပြီး အဆိုပါ နည်းပြတွေထဲမှာ ပရီးမီးယားလိဂ် အတွေ့အကြုံ အများဆုံး ဖြစ်သူ ရော်ဂျာဟာ နယူးကာဆယ်အသင်းရဲ့ နံပါတ်တစ် ပစ်မှတ် ဖြစ်ကြောင်း နာမည်ကြီး သတင်းဌာန တခု ဖြစ်တဲ့ Sky Sports သတင်းဌာနက ဆိုပါတယ်။

လက်စတာနည်းပြ ဘရန်ဒန် ရော်ဂျာဟာ လက်စတာအသင်းကို မကိုင်တွယ်မီ ဆွမ်ဆီး ၊ လီဗာပူး စတဲ့ အသင်းတွေကို ကိုင်တွယ်ဖူးခဲ့ပြီး သူ ကိုင်တွယ်တဲ့ အသင်းတိုင်းဟာ ပရီးမီးယားလိဂ် ပြိုင်ပွဲမှာ တည်ငြိမ်တဲ့ စွမ်းဆောင်ရည်ကို ရလေ့ ရှိတာကြောင့် နယူးကာဆယ်အသင်းက ရော်ဂျာကို ခန့်အပ်ဖို့ မျက်စိကျနေတာလည်း ဖြစ်ပါတယ်။

Photo Credit: Bein Sports

ရော်ဂျာဟာ မကြာသေးခင်ကမှ လက်စတာအသင်းနဲ့ ၂၀၂၅ခုနှစ် အထိ သက်တမ်း ရှိတဲ့ စာချုပ်သစ် တရပ် ချုပ်ဆိုထားတာကြောင့် နယူးကာဆယ်အသင်းဟာ သူ့ကို ခေါ်ယူချင်ပါက စာချုပ်ဖျက်သိမ်းကြေး ပေါင် ၁၆သန်း ပေးချေရဖို့ ရှိနေပြီး နယူးကာဆယ်အသင်း အတွက် အဆိုပါ ပမာဏကို ပေးချေဖို့ မခက်ခဲဘူးလို့ သိရပါတယ်။

ဒါပေမယ့် နယူးကာဆယ်အသင်းဟာ ရော်ဂျာနဲ့ ပုဂ္ဂိုလ်ရေးအရ သဘောတူညီမှု ရယူဖို့ ခက်ခဲနိုင်ပြီး ရော်ဂျာဟာ လက်စတာအသင်း ကနေ ထွက်ခွာဖြစ်ပါက မန်ချက်စတာ စီးတီး ဒါမှမဟုတ် မန်ချက်စတာ ယူနိုက်တက်တို့ကိုသာ ကိုင်တွယ်ဖို့ ဆုံးဖြတ်ထားတာကြောင့် နယူးကာဆယ်အသင်း အနေနဲ့ သူ့ကို နည်းပြသစ် အဖြစ် ခန့်အပ်နိုင်ဖို့ အခွင့်အလမ်း နည်းပါးနေပါတယ်။