ပရီးမီးယားလိဂ် နာမည်ကြီးကလပ် နယူးကာဆယ်က ယခုနှစ် ဘောလုံးရာသီမှာ ချန်ပီယံရှစ်ကလပ် ဆန်းဒါးလန်းနဲ့အတူ တောက်ပနေတဲ့ ဂျိုဘီ ဘယ်လင်ဟမ်ကို လာမယ့် နွေဈေးကွက်မှာ ခေါ်ယူနိုင်ဖို့ ယခုကတည်းက စတင် ကြိုးပမ်းနေကြောင်း အင်္ဂလန်အခြေစိုက် သတင်းရင်းမြစ်တွေက ဖော်ပြလာကြပါတယ်။

အသက် ၁၈နှစ် အရွယ်သာ ရှိသေးတဲ့ ဂျိုဘီ ဘယ်လင်ဟမ်က ရီးရဲလ်မက်ဒရစ်မှာ တောက်ပနေတဲ့ ဂျု့ဒ် ဘယ်လင်ဟမ်ရဲ့ ညီအရင်း ဖြစ်ပြီး သူက ယခုနှစ် ဘောလုံးရာသီ အစကမှ ဘာမင်ဂမ် ကနေ ဆန်းဒါးလန်းဆီ ပြောင်းရွှေ့ကြေး ယူရို ၁.၇၅သန်းနဲ့ ပြောင်းရွှေ့ခဲ့သူပါ။

Photo Credit: Goal

ဂျိုဘီ ဘယ်လင်ဟမ်က ဆန်းဒါးလန်းဆီ ရောက်ရှိပြီးနောက် တောက်လျှောက် ကစားခွင့် ရရှိနေပြီး သူက ယခုနှစ် ဘောလုံးရာသီမှာ ဆန်းဒါးလန်း အတွက် ပြိုင်ပွဲစုံမှာ ၂၆ပွဲ ပါဝင် ကစားခဲ့ရာ သွင်းဂိုး ၄ဂိုး သွင်းယူထားနိုင်သလို ဂိုးဖန်တီးမှု ၁ကြိမ် ရရှိထားပါတယ်။

ဂျိုဘီ ဘယ်လင်ဟမ်က သူ့ရဲ့အစ်ကို ဂျု့ဒ် ဘယ်လင်ဟမ်လို ကမ္ဘာ့အဆင့် ကစားသမား ဖြစ်လာနိုင်သူ ဖြစ်ပြီး သူက ကွင်းလယ်တိုက်စစ် ၊ နောက်ချန်တိုက်စစ်နဲ့ အထောင်တိုက်စစ် နေရာတွေမှာ ကောင်းကောင်း ကစားနိုင်ပါတယ်။

Photo Credit: Goal

နာမည်ကြီး သတင်းဌာန တခု ဖြစ်တဲ့ Daily Mailရဲ့ ဖော်ပြချက်အရ နယူးကာဆယ်က ဘယ်လင်ဟမ်ကို လာမယ့် နွေဈေးကွက်မှာ ခေါ်ယူနိုင်ဖို့ အတွက် ယခုထဲက ဘယ်လင်ဟမ်ရဲ့ မိသားစုနဲ့ တွေ့ဆုံကာ ဆွေးနွေးမှုတွေ လုပ်နေပြီး နယူးကာဆယ်က ဂျိုဘီ ဘယ်လင်ဟမ်နဲ့ ပုဂ္ဂိုလ်ရေး သဘောတူညီမှု ရရှိရင် ဆန်းဒါးလန်းနဲ့ ပြောင်းရွှေ့ကြေး အတွက် ဆွေးနွေးမှု လုပ်ဖို့ပါ စီစဉ်ထားကြောင်း သိရပါတယ်။

လက်ရှိမှာ နယူးကာဆယ် အပြင် ဂျု့ဒ် ဘယ်လင်ဟမ်ရဲ့ ကလပ်အသင်း ဖြစ်တဲ့ ရီးရဲလ်မက်ဒရစ်ကလည်း ဂျိုဘီ ဘယ်လင်ဟမ်ကို ခေါ်ယူဖို့ စိတ်ဝင်စားနေပြီး ဆန်းဒါးလန်းကတော့ ဂျိုဘီ ဘယ်လင်ဟမ် အတွက် ပြောင်းရွှေ့ကြေး ပေါင် ၂၀သန်းနဲ့ ၃၀သန်းကြား တောင်းဆိုဖွယ် ရှိပါတယ်။