ယခု ဇန်နဝါရီ အပြောင်းအရွှေ့ ကာလအတွင်းမှာ ကစားသမားသစ် ခေါ်ယူမှုတွေကို ဆက်တိုက်ဆိုသလို ပြုလုပ်နေတဲ့ ပရီးမီးယားလိဂ် ကလပ် နယူးကာဆယ်ဟာ မန်ချက်စတာ ယူနိုက်တက်မှာ ပုံမှန် ပွဲထွက်ခွင့် ရဖို့ ရုန်းကန်နေရတဲ့ ဂိုးသမား ဟန်ဒါဆန်ကို ရာသီဝက်အငှားနဲ့ ခေါ်ယူဖို့ စိတ်ဝင်စားနေကြောင်း အင်္ဂလန် အခြေစိုက် သတင်းဌာနတွေက ဖော်ပြသွားကြပါတယ်။

နယူးကာဆယ်ဟာ ယခု ဇန်နဝါရီ အပြောင်းအရွှေ့ အတွင်းမှာ ဘန်လေ တိုက်စစ်မှူး ခရစ်ဝုဒ် ၊ လိုင်ယွန် ကွင်းလယ်လူ ဂွီမာရေးစ် ၊ အက်သလက်တီကို မက်ဒရစ် ညာနောက်ခံလူ ထရစ်ပီယာတို့ကို ခေါ်ယူထားနိုင်သလို ဘရိုက်တန် ခံစစ်မှူး ဒန်ဘန်းကိုလည်း ခေါ်ယူဖို့ သဘောတူညီမှု ရရှိထားတာကြောင့် အသင်းရဲ့ ဂိုးသမားနေရာ အတွက် အရည်အသွေးမြင့် ဂိုးသမား တဦးကို ခေါ်ယူဖို့ ကြိုးစားနေပါတယ်။

Photo Credit: 90 Mins

ကနဦးမှာ အာဆင်နယ် အရန်ဂိုးသမား လေနိုကို ခေါ်ယူဖို့ ကြိုးပမ်းခဲ့ပေမယ့် အာဆင်နယ်က လေနိုကို ရာသီကုန်မှသာ လက်လွှတ်ဖို့ ဆန္ဒရှိနေတာကြောင့် လာမယ့် ၂၀၂၂ခုနှစ် ကမ္ဘာ့ဖလားပြိုင်ပွဲကို အင်္ဂလန်နဲ့အတူ ဝင်ရောက် ယှဉ်ပြိုင်ချင်တာကြောင့် ပုံမှန် ပွဲထွက်ခွင့် ရမယ့် အသင်းတသင်းဆီ ပြောင်းရွှေ့ချင်နေတဲ့ မန်ချက်စတာ ယူနိုက်တက် ဂိုးသမား ဟန်ဒါဆန်က သူတို့ရဲ့ နံပါတ်တစ် ပစ်မှတ် ဖြစ်လာပါတယ်။

အသက် ၂၄နှစ် အရွယ် အင်္ဂလန် လက်ရွေးစင် ဂိုးသမား ဟန်ဒါဆန်ဟာ မန်ချက်စတာ ယူနိုက်တက်ရဲ့ လူငယ် အကယ်ဒမီကနေ ထွက်ပေါ်လာတဲ့ ကစားသမား တဦး ဖြစ်ပြီး ပရီးမီးယားလိဂ်မှာလည်း ရှက်ဖီးလ် ယူနိုက်တက်နဲ့ အတူ အံ့မခန်း လက်စွမ်းကောင်းတွေကို ပြသနိုင်ခဲ့သူပါ။

Photo Credit: 90 Mins

ဒါကြောင့်ပဲ နယူးကာဆယ်က ဟန်ဒါဆန်ကို ခေါ်ယူဖို့ စိတ်ဝင်စားနေတာ ဖြစ်ပြီး ဟန်ဒါဆန်အတွက် မန်ချက်စတာ ယူနိုက်တက်နဲ့ တွေ့ဆုံ ဆွေးနွေးဖို့ ပြင်ဆင်နေသလို ဟန်ဒါဆန်ရဲ့ အေးဂျင့်ထံလည်း ချိတ်ဆက်မှုတွေ ပြုလုပ်နေကြောင်း နာမည်ကြီး သတင်းဌာန တခု ဖြစ်တဲ့ 90 Mins သတင်းဌာနက ဖော်ပြထားပါတယ်။

မန်ချက်စတာ ယူနိုက်တက်ဟာ ဒီဂီယာ ၊ ဟန်ဒါဆန် ၊ ဟီတန် စတဲ့ ဂိုးသမား သုံးဦး အထိ ပိုင်ဆိုင်ထားတာကြောင့် သင့်တော်တဲ့ အငှားကြေး ပမာဏ တခုသာ ရရင် ဟန်ဒါဆန်ကို ရာသီဝက် အငှားချနိုင်ပြီး ဟန်ဒါဆန်ကလည်း နယူးကာဆယ်ဆီ ပြောင်းရွှေ့ကာ သူ့ရဲ့ လက်စွမ်းကို ပြသချင်နေကြောင်း မန်ချက်စတာ ယူနိုက်တက်နဲ့ နီးစပ်သူတွေက ဆိုပါတယ်။