လာမယ့် ဆောင်းရာသီ အပြောင်းအရွှေ့စျေးကွက်အတွင်းမှာ ငွေကြေးသုံးစွဲမှု ခပ်ကြမ်းကြမ်းနဲ့ ကစားသမားသစ်တွေကို စတင်ခေါ်ယူသွားဖွယ် ရှိလို့နေတဲ့ နယူးကာဆယ်ယူနိုက်တက်အသင်းဟာ ကစားသမားများစွာကို ပစ်မှတ်ထားသလို ဖြစ်နေတဲ့အပြင် အသင်းရဲ့ ကစားသမားဟောင်း တစ်ဦးဖြစ်တဲ့ ကွင်းလယ်လူ ဝိုင်နယ်လ်ဒမ်းကိုပါ အသင်းဆီ ပြန်လည်ခေါ်ယူသွားဖွယ် ရှိနေတယ်လို့ ပြင်သစ်နာမည်ကျော် L’Equipe သတင်းမီဒီယာကနေ ဖော်ပြလာခဲ့ပါတယ်။

Photo Credit : Daily Express

အသက်(၃၁)နှစ်အရွှယ်ရှိတဲ့ နယ်သာလန်လက်ရွေးစင် ဝါရင့်ကွင်းလယ်ကစားသမား ဝိုင်နယ်လ်ဒမ်းဟာ ပြီးခဲ့တဲ့ နွေရာသီ အပြောင်းအရွှေ့စျေးကွက်မှာပဲ လီဗာပူးလ်အသင်းကနေ ပီအက်စ်ဂျီအသင်းဆီကို အလွတ်ပြောင်းရွှေ့ကြေး (၃)နှစ်စာချုပ်နဲ့ ရောက်ရှိလာခဲ့တာ ဖြစ်ပေမယ့်လည်း ပြင်သစ်ထိပ်တန်း ကလပ်အသင်းအတွက် လီဂူး(၁၆)ပွဲ ပါဝင်ထားခဲ့ရာ (၉)ပွဲကိုပဲ ပွဲထွက်ကစားသမားအဖြစ် ပါဝင်ထားခဲ့ရတဲ့အပေါ် ကစားသမားကိုယ်တိုင် စိတ်ပျက်လို့နေကာ ပီအက်စ်ဂျီမှာ မပျော်ရွှင်ဘူးလို့လည်း ဝန်ခံပြောဆိုထားခဲ့ပါတယ်။ ဒီလို အခြေအနေမျိုး ရှိလို့နေတဲ့ ဝိုင်နယ်လ်ဒမ်းကို သူရဲ့ ကလပ်အသင်းဟောင်းဖြစ်တဲ့ နယူးကာဆယ်ကနေ ပြန်လည်ခေါ်ယူဖွယ် ရှိနေတယ်လို့ L’Equipe ပြင်သစ်သတင်းမီဒီယာကနေ ဖော်ပြလာပါတယ်။

Photo Credit : The Sun

ဝိုင်နယ်လ်ဒမ်းဟာ ၂၀၁၅ခုနှစ်ကမှ နယ်သာလန်ကလပ် PSV အသင်းကနေ နယူးကာဆယ်ကို ရောက်ရှိလာခဲ့တာဖြစ်ပြီး အသင်းနဲ့ တစ်ရာသီသာ ဖြတ်သန်းခဲ့ပြီးတဲ့နောက်မှာ လီဗာပူးလ်အသင်းဆီ (၅)နှစ်စာချုပ်နဲ့ ပြောင်းရွှေ့သွားခဲ့ပါတယ်။ လီဗာပူးလ်အသင်းနဲ့အတူ ချန်ပီယံလိဂ် ပရီးမီးယားလိဂ်ချန်ပီယံဆုတွေကို ရယူနိုင်ခဲ့တဲ့ ဝိုင်နယ်လ်ဒမ်းဟာ လီဗာပူးလ်နဲ့ စာချုပ်သက်တမ်း ကုန်ဆုံးချိန်မှာတော့ လီဂူးထိပ်တန်းကလပ် ပီအက်စ်ဂျီအသင်းဆီ ပြောင်းရွှေ့သွားခဲ့ပါတယ်။ ဝိုင်နယ်လ်ဒမ်ဟာ သူရဲ့ ပီအက်စ်ဂျီ ကစားသမားဘဝ ပွဲဦးထွက် ဘောလုံးရာသီမှာ အသင်းအတွက် ပြိုင်ပွဲစုံ(၂၂)ပွဲအထိ ပါဝင်ကစားထားရပေမယ့်လည်း အဲ့ဒီ(၂၂)ပွဲ တဝက်ခန့်ကိုသာ ပွဲထွက်ကစားသမားအဖြစ် ပါဝင်ခဲ့ရတာ ဖြစ်သလို အသင်းကလည်း လာမယ့် စျေးကွက်တွေအတွင်း အသင်းရဲ့ ကွင်းလယ်ပိုင်းအတွက် အင်အားဖြည့်တင်းမှုတွေ လုပ်ဆောင်ဖွယ် ရှိနေတာကြောင့် ဝိုင်နယ်လ်ဒမ်းအနေနဲ့ ပီအက်စ်ဂျီနဲ့ လမ်းခွဲချင်လာတာ ဖြစ်ပါတယ်။ ဒါကြောင့် ဝိုင်နယ်လ်ဒမ်းကို အသင်းဟောင်း နယူးကာဆယ်ဘက်ကနေ ပစ်မှတ်ထားလာခဲ့တာဖြစ်ပြီး အသင်းအတွက် တစ်ရာသီအတွင်း ပွဲပေါင်း(၄၀)အထိ ပါဝင်ခဲ့ကာ သွင်းဂိုး(၁၁)ဂိုးပါ သွင်းယူပေးနိုင်ခဲ့တဲ့ ဝိုင်နယ်လ်ဒမ်းကို နယူးကာဆယ်က ပြန်လည်အလိုရှိနေတာ ဖြစ်ပါတယ်။