ဒီနှစ် နွေဈေးကွက်အတွင်းမှာ ကစားသမားသစ်တွေကို ငွေကြေးများစွာ အသုံးပြုပြီး ခေါ်ယူအားဖြည့်သွားမယ့် နယူးကာဆယ်ယူနိုက်တက်အသင်းရဲ့ ပစ်မှတ်ဖြစ်သူ တောင်ပံကစားသမား မူဆာဒီယာဘီကို ခေါ်ယူချင်နေပြီး တကယ်လို့ ဒီယာဘီကိုသာ အရခေါ်ယူချင်တယ်ဆိုရင် နယူးကာဆယ်အနေနဲ့ ပြောင်းရွှေ့ကြေး ပေါင်သန်း(၅၀)နဲ့ ကမ်းလှမ်းရလိမ့်မယ်လို့ သတိပေး ပြောဆိုသွားခဲ့ပါတယ်။
Photo Credit : Football Express
အသက်(၂၂)နှစ်အရွယ် ပြင်သစ်လက်ရွေးစင် တောင်ပံကစားသမား ဒီယာဘီဟာ ပီအက်စ်ဂျီ လူငယ်အသင်းကနေ ပေါ်ထွက်လာခဲ့သူဖြစ်ပြီး ပီအက်စ်ဂျီနီစီယာအသင်းအတွက် တစ်ရာသီတည်းသာ ပါဝင်ခဲ့ပြီးနောက် ၂၀၁၉ခုနှစ်မှာ လေဗာကူဆင်အသင်းဆီ ပြောင်းရွှေ့ခဲ့ပါတယ်။ လေဗာကူဆင်မှာ (၃)ရာသီအထိ ပါဝင်ကစားထားနိုင်တဲ့ ဒီယာဘီဟာ ပြီးခဲ့တဲ့ ဘောလုံးရာသီမှာ လေဗာကူဆင်အတွက် ပြိုင်ပွဲစုံ သွင်းဂိုး (၁၇)ဂိုး သွင်းယူနိုင်ခဲ့သလို (၁၄)ဂိုးအထိ ဖန်တီးပေးနိုင်ခဲ့ပါတယ်။ ဒါ့အပြင် ဒီယာဘီဟာ လေဗာကူဆင်ကို လာမယ့်ရာသီမှာ ဥရောပချန်ပီယံလိဂ်ဝင်ခွင့် ရရှိအောင်ပါ စွမ်းဆောင်နိုင်ခဲ့တာဖြစ်လို့ သူရဲ့အသင်းဟောင်း ပီအက်စ်ဂျီနဲ့ နယူးကာဆယ်အသင်းတွေက ခေါ်ယူဖို့ စိတ်ဝင်စားလာခဲ့တာ ဖြစ်ပါတယ်။
Photo Credit : The Sun
လေဗာကူဆင်အသင်းဘက်ကတော့ သူတို့ရဲ့ key player တစ်ဦးဖြစ်တဲ့ ဒီယာဘီကို အသင်းကနေ လုံးဝမရောင်းသွားချင်ပေမယ့် ကစားသမားအတွက် ပြောင်းရွှေ့ကြေး ပေါင်သန်း(၅၀)လောက်နဲ့သာ ကမ်းလှမ်းလာမယ်ဆိုရင် ကမ်းလှမ်းမှုတွေကို လက်သင့်ခံသွားဖို့ အစီအစဉ် ရှိနေတယ်လို့ သိရပါတယ်။ ဒီယာဘီဟာ လေဗာကူဆင်အသင်းနဲ့ ၂၀၂၅ခုနှစ်အထိ စာချုပ်သက်တမ်း ကျန်ရှိနေသေးတယ် ဆိုပေမယ့် ကစားသမားကိုယ်တိုင်က အသင်းအပြောင်းအလဲ လုပ်ဆောင်ဖို့ ဆန္ဒရှိနေပြီး နယူးကာဆယ်အသင်းရဲ့ အားကစားဒါရိုက်တာအသစ် ဒန်းအက်စ်ဝေါ့ကလည်း အသင်းအနေနဲ့ ဒီနှစ် နွေဈေးကွက်အတွင်း ကစားသမားသစ် ခေါ်ယူမှုအဖြစ် ဒီယာဘီကို ပထမဆုံး ခေါ်ယူသင့်တယ်လို့ အကြံပြုထားခဲ့ပါတယ်။ ပြီးခဲ့တဲ့ဘောလုံးရာသီက ဆောင်းရာသီ ကစားသမားခေါ်ယူမှုနောက်ပိုင်း အသင်းရဲ့ အခြေအနေတွေ တိုးတတ်ပြောင်းလဲလာပြီး တန်းဆင်းရမယ့် အရေးကနေ လွတ်မြောက်ခဲ့ရတာကြောင့် အခုနှစ် ဘောလုံးရာသီမှာလည်း မြင့်မားတဲ့ အဆင့်ရပ်တည်ချက် ရှိနေစေဖို့နဲ့ ဥရောပဝင်ခွင့်တွေကိုပါ ပြန်လည်ရယူနိုင်ဖို့အတွက် ကစားသမားသစ် အင်အားဖြည့်တင်းမှုတွေကို အရှိန်ဟုန်ကောင်းကောင်းနဲ့ လုပ်ဆောင်သွားဖွယ် ရှိနေပါတယ်။