ပခုံးအဆစ်လွဲ ဒဏ်ရာကြောင့် (၄)လလောက်အထိ အနားယူသွားရတော့မယ့် အဓိက ဂိုးသမား နစ်ပုပ်နေရာမှာ ယာယီ အစားထိုးသွားဖို့အတွက် မန်ချက်စတာ ယူနိုက်တက် ဂိုးသမားဟောင်း ဒေးဗစ် ဒီဂီယာအပြင် တော့တင်ဟမ် ဟော့စပါး ဂိုးသမားကြီး ဟူဂို လိုရစ်ကိုပါ နယူးကာဆယ်အသင်းက ပစ်မှတ်ထားလာခဲ့ပါတယ်။

နယူးကာဆယ်ရဲ့ ပင်တိုင် ဂိုးသမား နစ်ပုပ်ဟာ မန်ယူနိုက်တက်ကို အနိုင်ရခဲ့တဲ့ ပွဲစဉ်အတွင်း ပခုံးအဆစ်လွဲသွားခဲ့တာကြောင့် ခွဲစိတ်မှုပါ ခံယူလိုက်ရပြီး လအတန်ကြာပါ အနားယူရတော့မှာဖြစ်လို့ နယူးကာဆယ်အနေနဲ့ အရန်ဂိုးသမားတွေဖြစ်တဲ့ ဒူဗရက်ကာ နဲ့ ကာရီးယပ်စ်တို့ကိုသာ အသုံးပြုသွားရပါတော့မယ်။

Photo Credit : Eurosport

ပြီးခဲ့တဲ့ အဲဗာတန်နဲ့ ပွဲစဉ်မှာလည်း အသင်းဂိုးပေါက်အတွက် ဒူဗရက်ကာကို ကစားခွင့်ပြုခဲ့ရာ (၃)ဂိုးတောင် ပေးလိုက်ရတဲ့အတွက် နယူးကာဆယ်က ဂိုးသမားတစ်ဦးခန့်လောက်ကို ရေတိုသဘောမျိုးနဲ့ ခေါ်ယူသွားဖို့ ပြင်ဆင်လာခဲ့ပါတယ်။

လက်ရှိမှာတော့ နယူးကာဆယ်က free agent player လည်းဖြစ် ပရီးမီးယားလိဂ်မှာလည်း ဆယ်စုနှစ် တစ်ခုလောက်အထိ ကျင်လည်ဖူးတဲ့ ဒီဂီယာကို ခေါ်ယူလိမ့်မယ်လို့ သတင်းတွေ မွှေးနေပေမယ့် နယူးကာဆယ်က ဒီဂီယာရော နောက်ထပ် ဝါရင့် ပရီးမီးယားလိဂ် ဂိုးသမားကြီးကိုပါ စိတ်ဝင်စားလို့နေပါတယ်။

Photo Credit : The Telegrph

ဒီဂိုးသမားကြီးကတော့ အသက် (၃၆)နှစ်အရွယ် ပြင်သစ် ဂိုးသမား လိုရစ်ပါ။ ကမ္ဘာ့ဖလား ချန်ပီယံဟောင်း လိုရစ်ဟာ စပါးအသင်းမှာ နှစ်ပေါင်းများစွာ ပါဝင်ကစားခဲ့သူ ဖြစ်ပေမယ့်လည်း ဒီရာသီမှာတော့ အီတလီ ဂိုးသမား ဗစ်ကာရီယိုရဲ့ အရန်သာ ဖြစ်နေရတဲ့အပြင် တစ်မိနစ်လေးတောင် ကစားခွင့် မရသေးသူလည်း ဖြစ်ပါတယ်။

ဒီဂိုးသမားကြီးက စပါးအသင်းနဲ့ စာချုပ်သက်တမ်း လပိုင်းလောက်သာ ကျန်ရှိနေတော့တာဖြစ်ပြီး စပါးဘက်ကလည်း သူ့ထက် ဖော်စတာကိုပဲ သက်တမ်းတိုးထားတာမို့ အသင်းနဲ့ လမ်းခွဲရဖို့ သေချာနေပါတယ်။ ဒီလို အခြေအနေမှာ ဂိုးသမား လိုအပ်နေတဲ့ နယူးကာဆယ်အနေနဲ့ ဒီဂီယာအပြင် လိုရစ်ကိုပါ ကြိုးပမ်းလာနိုင်ပါတယ်။