လာဇီယိုရဲ့ တိုက်စစ်မှူးကြီး အီမိုဘီလီ ဒဏ်ရာရနေချိန် သူရဲ့ဒီရာသီ စီးရီးအေသွင်းဂိုး (၁၀)ဂိုးကို အမီလိုက်နိုင်ခဲ့တဲ့ ဖီအိုရင်တီးနား တိုက်စစ်မှူးလေး ဗလာဟိုဗစ်ကတော့ ဒီနှစ်ဘောလုံးရာသီအတွင်းမှာပဲ သူရဲ့ ပြောင်မြောက်လှတဲ့ တိုက်စစ်စွမ်းရည်ကောင်းတွေကို ဆက်တိုက်ပြသထားနိုင်ခဲ့သလို မနေ့ညက အေစီမီလန်အသင်းကို အနိုင်ရခဲ့တဲ့ ပွဲစဉ်မှာလည်း သွင်းဂိုး(၂)ဂိုး သွင်းယူပြီး အသင်းကို အဖိုးတန်နိုင်ပွဲ ရရှိစေခဲ့ပါတယ်။

Photo Credit : Twitter

အသက်(၂၁)နှစ်အရွှယ်သာ ရှိနေသေးတဲ့ ဆာဘီးယားလက်ရွေးစင် တိုက်စစ်ကြယ်ပွင့်လေး ဒူဆန်ဗလာဟိုဗစ်ဟာ သူရဲ့လက်ရွေးစင်အသင်းကိုလည်း ၂၀၂၂ခုနှစ် ကာတာကမ္ဘာ့ဖလားပြိုင်ပွဲအတွက် တိုက်ရိုက်ခြေစစ်ပွဲ အောင်မြင်အောင် စွမ်းဆောင်ပေးနိုင်ခဲ့လို ဒီရာသီ စီးရီးအေပြိုင်ပွဲမှာပါ သွင်းဂိုး(၁၀)ဂိုးထိ သွင်းယူထားနိုင်တာကြောင့် သူ့ကို ဥရောပထိပ်တန်း ကလပ်အသင်းကြီးများစွာကနေ စိတ်ဝင်စားနေကြတာ ဖြစ်ပါတယ်။ ဒီလို အသင်းတွေထဲမှာ ငွေကြေးပိုင်း တောင့်တင်းပြီး ကလပ်အသင်းကြီးတစ်သင်း ဖြစ်လာအောင် စီစဉ်လျက်ရှိနေတဲ့ နယူးကာဆယ်အသင်းပါ ပါဝင်လာခဲ့သလို ဒီကစားသမားလေးရဲ့ ပွဲစဉ်တချို့ကိုလည်း ကင်းထောက်တွေ စေလွှတ်ထားပြီး ခြေစွမ်းပိုင်းတွေကို လေ့လာစောင့်ကြည့်နေတယ်လို့ သိရပါတယ်။

Photo Credit : Twitter

ဖီအိုရင်တီးနားအသင်းဘက်ကတော့ အသင်းရဲ့ ကြယ်ပွင့်ကစားသမားတစ်ဦးကို လက်မလွတ်ချင်သလို မဖြစ်မနေ လက်လွတ်ရမယ်ဆိုရင်လည်း ပြောင်းရွှေ့ကြေးကို အနိမ့်ဆုံးအဖြစ် ပေါင်သန်း(၇၀)လောက်အထိ အလိုရှိနေတာ ဖြစ်ပါတယ်။ နယူးကာဆယ်အသင်းအနေနဲ့ကလည်း လာမယ့်ဆောင်းစျေးကွက်ထဲမှာ အသုံးခပ်ကြမ်းကြမ်းနဲ့ ကစားသမားသစ်တွေ ခေါ်ယူသွားဖို့ ရှိနေပေမယ့်လည်း ပရီးမီးယားလိဂ် ကလပ်အသင်းများစွာကတော့ ဆော်ဒီငွေကြေးတွေနဲ့ လည်ပတ်နေတဲ့ နယူးကာဆယ်အသင်းကို မနှစ်သက်တာကြောင့် ကစားသမား ရောင်းချဖွယ် မရှိတဲ့အတွက် နယူးကာဆယ်က ပြည်တွင်းကစားသမားတွေထက် ပြည်ပကစားသမားတွေကို ပိုမိုပစ်မှတ်ထားလာရတာ ဖြစ်ပါတယ်။ နယူးကာဆယ်အနေနဲ့ လက်ရှှိမှာ ပရီးမီးယားလိဂ်ပြိုင်ပွဲကနေ တန်းမဆင်းရဖို့အတွက် ဦးစားပေးရမယ့် အခြေအနေ ဖြစ်နေတဲ့အတွက် ဗလာဟိုဗစ်လို အရည်အသွေးမြင့် တိုက်စစ်မှူးတစ်ဦးကို အလိုရှိနေပြီး မန်စီးတီး စပါးအသင်းတွေနဲ့ အပြိုင်ကမ်းလှမ်းရဖွယ် ရှိနေသလို ကစားသမားကိုယ်တိုင်ကလည်း နယူးကာဆယ်လို တန်းမဆင်းရဖို့ ရုန်းကန်နေရတဲ့ ကလပ်အသင်းဆီ ပြောင်းရွှေ့ဖို့ ဖြစ်နိုင်ခြေ နည်းနေပါတယ်။