MySport Myanmar

မန်စီးတီးအသင်းနဲ့ ရင်ဆိုင်ရတာကို မုန်းတီးမိတယ်လို့ ဂွီမာရေ့စ် ဖွင့်ဟ

နယူးကာဆယ် ယူနိုက်တက်အသင်းရဲ့ ဘရာဇီးလ် ကွင်းလယ် ကစားသမား ဘရူနို ဂွီမာရေ့စ်က မန်ချက်စတာ စီးတီးအသင်းနဲ့ ရင်ဆိုင် ကစားရတဲ့အခါတိုင်းမှာ လူကြီးအသင်း နဲ့ ကလေးအသင်း ကစားနေသလိုမျိုး ဖြစ်သွားရတတ်တဲ့အတွက် မန်စီးတီးနဲ့ ရင်ဆိုင်ရတာကို မုန်းတီးမိတယ်လို့ ဖွင့်ဟ ပြောဆိုသွားခဲ့ပါတယ်။

နယူးကာဆယ်အသင်းဟာ ပြီးခဲ့တဲ့ ဘောလုံးရာသီတုန်းက ပရီးမီးယားလိဂ် အမှတ်ပေးဇယားမှာ အဆင့် (၄)နေရာနဲ့ ရာသီသိမ်းရင်း ချန်ပီယံလိဂ်ဝင်ခွင့်ပါ ရရှိခဲ့ပေမယ့်လည်း သူတို့အသင်း အပါအဝင် တခြားသော ကလပ်အသင်းတွေနဲ့ ပက်ပ် ဂွာဒီယိုလာရဲ့ မန်စီးတီးအသင်းနဲ့ ကြားမှာတော့ ကွာဟချက်တွေက ကြီးမားလွန်းတယ်လို့ ဝန်ခံသွားခဲ့ပါတယ်။

Photo Credit : Mais que um Jogo

“မန်စီးတီးက အင်္ဂလန်မှာ ရှိတဲ့ အသင်းအားလုံးထက် ခြေတစ်လှမ်း ပိုသာနေတယ်ဆိုတာ ကျွန်တော်တို့ သိပါတယ်။ သူတို့အသင်းနဲ့ ကစားရတဲ့ အချိန်တိုင်းမှာ ကျွန်တော်တို့အတွက် အဆိုးဆုံးပါပဲ။ ဒါကို မုန်းတီးပါတယ်။ အဲ့ဒီလို အချိန်မျိုးမှာ ကျွန်တော်တို့က ကလေးအသင်း ဖြစ်နေပြီး သူတို့တွေက ပရော်ဖက်ရှင်နယ် အသင်းလို ဖြစ်နေတတ်တယ်။ ကြောက်စရာကောင်းတယ်။ သူတို့က ကစားသမား (၁၅)ယောက်လောက် ကစားနေရပုံရပြီး ကျွန်တော်တို့က (၇)ယောက်လောက်နဲ့ ကစားနေသလိုပဲ။ ပွဲကို ကြည့်လိုက်ရင် နေရာတိုင်းမှာ မိုးပြာရောင်တွေနဲ့ တွေ့နေရသလို။ သူတို့ ကစားတာက ရူးသွပ်စရာ ကောင်းလောက်အောင်ကို ထူးခြား ကောင်းမွန်ပါတယ်။” လို့ ဂွီမာရေ့စ်က ပြောဆိုသွားခဲ့ပါတယ်။

Photo Credit : Geordie Boot Boys

ဆက်လက်ပြီး ဂွီမာရေ့စ်က သူတို့ နယူးကာဆယ်အသင်းအနေနဲ့ မနှစ်က ရာသီမှာ အသင်းနဲ့ နှစ်ပေါင်းများစွာ ဝေးကွာနေတဲ့ ချန်ပီယံလိဂ် ဝင်ခွင့် နဲ့ ရှုံးထွက် ပြိုင်ပွဲတစ်ခုရဲ့ ဖိုင်နယ် တက်လှမ်းခွင့်တွေကို ရရှိနိုင်ခဲ့ပြီဖြစ်လို့ ဒီရာသီသစ်မှာတော့ ဆုဖလားတွေအတွက်ကိုသာ ဆက်လက် တိုက်ပွဲဝင်သွားမယ်လို့ ကြုံးဝါး ပြောဆိုသွားခဲ့ပါတယ်။

Exit mobile version