MySport Myanmar

ကမ္ဘာ့ဖလား ချန်ပီယံဟောင်းကို ခေါ်ယူသွားဖို့ ဆက်သွယ်နေတဲ့ နယူးကာဆယ်

နယူးကာဆယ်ယူနိုက်တက်အသင်းဟာ ပီအက်စ်ဂျီအသင်းရဲ့ ဂျာမနီ တောင်ပံကစားသမား ယူလီယန်ဒရက်ဇ်လာကို အခုနှစ် နွေဈေးကွက်အတွင်းမှာ ခေါ်ယူသွားနိုင်ဖို့အတွက် စီစဉ်လျက် ရှိနေပြီး ကစားသမားရဲ့ အေးဂျင့်နဲ့ပါ ဆက်သွယ်မှုတွေ လုပ်ဆောင်နေတယ်လို့ ပြင်သစ်သတင်းမီဒီယာ Le10Sport ကနေ ဖော်ပြလာခဲ့ပါတယ်။

Photo Credit : The Sun

နွေဈေးကွက်ထဲမှာ နောက်ခံလူ ဆဗန်ဘော့မန်း ဂိုးသမား နစ်ပုဒ်တို့ကို ခေါ်ယူထားခဲ့ပြီး ဆောင်းဈေးကွက်ကမှ အငှား ခေါ်ယူထားတဲ့ ဘယ်နောက်ခံလူ မတ်တားဂတ်ကို အပြီးသတ် ခေါ်ယူထားတဲ့ နယူးကာဆယ်အသင်းဟာ တိုက်စစ်ပိုင်းကို အင်အားဖြည့်တင်းဖို့အတွက် ၂၀၁၄ခုနှစ် ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ချန်ပီယံ ဖြစ်ထားခဲ့တဲ့ ဂျာမနီ ဘယ်တောင်ပံကစားသမား ဒရက်ဇ်လာကို ခေါ်ယူသွားဖို့ ဆန္ဒရှိနေတာ ဖြစ်ပါတယ်။ နယူးကာဆယ်အသင်းဟာ တောင်ပံနေရာအတွက် လေဗာကူဆင် ကစားသမား ဒီယာဘီကို ဦးစားပေး ပစ်မှတ်အဖြစ် သတ်မှတ်ထားခဲ့ပေမယ့်လည်း ဒီယာဘီကိုယ်တိုင်က ငြင်းဆိုထားခဲ့တာကြောင့် ဒရက်ဇ်လာဘက်ကို ပစ်မှတ်ထားလာခဲ့တာ ဖြစ်ပါတယ်။

Photo Credit : Twitter

အသက်(၂၈)နှစ်အရွယ်ရှိ ဂျာမနီ ကစားသမား ဒရက်ဇ်လာဟာ ဘယ်တောင်ပံနေရာမှာသာ ကစားတတ်သူ မဟုတ်ပဲ ကွင်းလယ်တိုက်စစ်နေရာနဲ့ ကွင်းလယ်ပိုင်းနေရာတွေမှာ ကစားတတ်သူဖြစ်သလို အရပ်အမောင်း ကောင်းမွန်ပြီး ပြေးအားကောင်းတဲ့ ကစားသမားလည်း ဖြစ်ပါတယ်။ ဂျာမန်ကလပ် ရှော်ကေးအသင်းရဲ့ လူငယ်အကယ်ဒမီထွက် ကစားသမားဖြစ်သူ ဒရက်ဇ်လာဟာ သူရဲ့ စီနီယာ ကစားသမားဘဝကိုလည်း ရှော်ကေးမှာသာ စတင်ခဲ့တာဖြစ်ပြီး ၂၀၁၅ခုနှစ်မှာ နောက်ထပ် ဂျာမနီကလပ် ဝုလ်ဖ်ဘတ်အသင်းဆီ ပြောင်းရွှေ့ခဲ့ပါတယ်။ ဝုလ်ဖ်ဘတ်မှာ နှစ်ရာသီ ကျင်လည်ခဲ့ပြီးနောက် ၂၀၁၆ခုနှစ်မှာပဲ ပီအက်စ်ဂျီအသင်းကို ယူရို(၄၂)သန်း (၅)နှစ်စာချုပ်နဲ့ ပြောင်းရွှေ့လာခဲ့ပြီး အသင်းကို စတင်ရောက်ရှိလာချိန်မှာ ပွဲကစားခွင့်များစွာ ရရှိခဲ့ပေမယ့်လည်း နောက်ပိုင်းနှစ်တွေမှာတော့ ဒရက်ဇ်လာရဲ့ ကစားခွင့်တွေက အကန့်အသတ်နဲ့ ဖြစ်လာခဲ့ရပါတယ်။ လက်ရှိ ပီအက်စ်ဂျီအသင်းနဲ့ ၂၀၂၄ခုနှစ်အထိ စာချုပ်သက်တမ်း ကျန်ရှိနေသေးတဲ့ ဒရက်ဇ်လာဟာ လာမယ့် နိုဝင်ဘာလ ကာတာနိုင်ငံမှာ ကျင်းပသွားမယ့် ၂၀၂၂ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ဂျာမနီ လက်ရွေးစင်အသင်းနဲ့အတူ ပါဝင်ဆင်နွဲခွင့် ရရှိဖို့အတွက် ပွဲကစားခွင့် အာမခံခွင့်မရှိတဲ့ ပီအက်စ်ဂျီကနေ ထွက်ခွာချင်နေပြီး သူရဲ့ ပွဲကစားခွင့်တွေများစွာ ပေးသွားနိုင်မယ့် ကလပ်အသင်းသစ် တစ်သင်းကို ပြောင်းရွှေ့ချင်နေတာကြောင့် ဒီအခြေအနေကို နယူးကာဆယ်ဘက်က အကောင်းဆုံး အသုံးချဖွယ် ရှိနေပါတယ်။

Exit mobile version