မကြာခင် ရက်ပိုင်းလေးအတွင်းမှာပဲ စတင်ဖွင့်လှစ်သွားတော့မယ့် ဇန်နဝါရီလ ဆောင်းရာသီ ဘောလုံးသမား အပြောင်းအရွှေ့စျေးကွက်ထဲမှာ အသင်းအတွက် အားနည်းနေတဲ့ နေရာတွေအတွက် ကစားသမား အင်အားညြ့်တင်းမှုတွေကို ခပ်ကြမ်းကြမ်း လုပ်ဆောင်သွားဖွယ် ရှိလို့နေတဲ့ နယူးကာဆယ်အသင်းဟာ ဘင်ဖီကာအသင်းရဲ့ တိုက်စစ်ကစားသမား ဒါဝင်နူနက်ဇ်ကို ခေါ်ယူဖို့ မအောင်မြင်ခဲ့တဲ့အတွက် နေမာညီမရဲ့ ချစ်သူဖြစ်တဲ့ ဘာဘိုဆာကို ပစ်မှတ်ထားလာခဲ့တယ်လို့ သိရှိရပါတယ်။

Photo Credit : The Sun

ပြီးခဲ့တဲ့ အောက်တိုဘာလအတွင်းက ငွေကြွေးကြွယ်ဝလွန်းလှတဲ့ လုပ်ငန်းရှင်တွေရဲ့ လက်အောက်ကို ရောက်ရှိသွားခဲ့ရပေမယ့် ဒီနှစ်ဘောလုံးရာသီထဲမှာတော့ နိုင်ပွဲ(၁)ပွဲလေးသာ ရှိထားသေးတဲ့အထိ အခြေအနေ ဆိုးရွှားလွန်းနေတဲ့ နယူးကာဆယ်အသင်းဟာ လက်ရှိအချိန်မှာလည်း အသင်းအတွင်း ကိုဗစ်ကူးစက်ခံထားရခြင်းနဲ့ ဒဏ်ရာပြသာနာတွေကို ရင်ဆိုင်နေရတာကြောင့် ဆောင်းစျေးကွက် ဖွင့်လှစ်ချိန်မှာ အသင်းအတွက် အင်အားဖြည့်တင်းမှုတွေကို မဖြစ်မနေ လုပ်ဆောင်ရတော့မှာ ဖြစ်ပါတယ်။ လတ်တလောမှာတော့ အသင်းရဲ့ တိုက်စစ်ပိုင်းကို အင်အားဖြည့်တင်းဖို့ အစီအစဉ် ရှိလို့နေတဲ့ နယူးကာဆယ်ဟာ ဘင်ဖီကာအသင်း တိုက်စစ်ကစားသမား ဒါဝင်နူနက်ဇ်ကို ချဉ်းကပ်ခဲ့ပေမယ့် မအောင်မြင်နိုင်ခဲ့တာကြောင့် ဘရာဇီးလ်ကလပ် ဖလာမင်ဂိုရဲ့ တိုက်စစ်မှူး ဘာဘိုဆာကိုပဲ ပြောင်းလဲပစ်မှတ်ထားလာခဲ့တယ်လို့ သိရှိရပါတယ်။

Photo Credit : FootTheBall

အသက်(၂၅)နှစ်အရွှယ်ရှိ ဘရာဇီးလ်လက်ရွေးစင် တိုက်စစ်ကစားသမား ဘာဘိုဆာ အင်တာမီလန် ဘင်ဖီကာတို့လို ဥရောပထိပ်တနး် ကလပ်အသင်းတွေမှာပါ ပါဝင်ကစားခဲ့ဖူးသူဖြစ်သလို သူရဲ့ကစားသမားဘဝ အချိန်အများစုကို ဘရာဇီးလ် ကလပ်အသင်းတွေမှာ ဖြတ်သန်းခဲ့တာ ဖြစ်ပါတယ်။ အင်တာအသင်းဖော်ဟောင်း အီကာဒီရဲ့ ကစားဟန်နဲ့ ဆင်တူတယ်လို့ ခိုင်းနှိုင်းခံရတဲ့ ဘာဘိုဆာဟာ လက်ရှိမှာတော့ သူရဲ့ ဘရာဇီးလ် စီနီယာ ကစားသမားဖြစ်တဲ့ နေမာရဲ့ညီမ ရာဖယ်လ်လာဆန်တို့စ်နဲ့ပါ ချစ်ကြိုက်နေသူဖြစ်သလို ဖလာမင်ဂိုအသင်းရဲ့ ပရိသတ်အချစ်တော် ကစားသမားတစ်ယောက်လည်း ဖြစ်ပါတယ်။ ၂၀၁၆ခုနှစ်ကတည်းက ဘရာဇီးလ် လက်ရွေးစင်အသင်းရဲ့ ရွေးချယ်ခံခဲ့ရတဲ့ ဘာဘိုဆာကို နယူးကာဆယ်အသင်းကနေ ခေါ်ယူသွားဖို့ ပစ်မှတ်ထားခဲ့ပေမယ့် ဘာဘိုဆာက ဖလာမင်ဂိုအသင်းနဲ့ ၂၀၂၄ခုနှစ်အထိ စာချုပ်သက်တမ်း ကျန်ရှိနေသေးသလို အသင်းအတွက်ကိုလည်း ဒီနှစ်ရာသီအတွင်း သွင်းဂိုး(၂၉)ဂိုးနဲ့ ဂိုးဖန်တီးမှု (၉)ကြိမ် ပြုလုပ်ထားတဲ့ အဓိက ကစားသမားမျိုးကို အသင်းမှာပဲ ဆက်လက်ထိန်းသိမ်းသွားဖွယ်သာ ရှိနေပါတယ်။