နယူးကာဆဲလ်ယူနိုက်တက်အသင်းကတော့ သူတို့အသင်းရဲ့ အဓိကတိုက်စစ်ကစားသမား ကော်လန်ဝီလ်ဆန်ဟာ တံကောက်ကြောဒဏ်ရာကြောင့် ရက်သတ္တပတ် (၆)ပတ်ကနေ (၈)ပတ်လောက်အထိကို အနားယူရတော့မှာဖြစ်တဲ့အတွက် ဝီလ်ဆန်ရဲ့နေရာမှာ ချက်ချင်းအစားထိုးသွားဖို့အတွက် လက်ရှိမှာ Free Agent ဖြစ်နေတဲ့ ကစားသမားတွေထဲကမှ တိုက်စစ်မှူးဒန်နီရယ်စတာရစ်ချ်ကို ခေါ်ယူသွားဖွယ် ရှိနေတယ်လို့ သိရှိရပါတယ်။

Photo Credit : talkSPORT

အသက်(၃၁)နှစ်အရွှယ်ရှိ အင်္ဂလန်လက်ရွေးစင်ဟောင်း တိုက်စစ်မှူးစတာရစ်ချ်ဟာ လွန်ခဲ့တဲ့ ၂၀၂ဝခုနှစ် မတ်လအစပိုင်းကတည်းက အသင်းလက်မဲ့ ဖြစ်လို့နေတာဖြစ်ပြီး လက်ရှိအချိန်ထိလည်း အသင်းသစ် ရှာမရသေးသူဖြစ်ပါတယ်။ ဒါပေမယ့် လတ်တလောမှာ နယူးကာဆဲလ်အသင်းက အသင်းရဲ့အဓိကတိုက်စစ်မှူး ကော်လန်ဝီလ်ဆန် ဒဏ်ရာပြသာနာကြောင့် ရက်သတ္တပတ်ပေါင်းများစွာ အနားယူရတော့မှာဖြစ်လို့ ဝီလ်ဆန်ရဲ့နေရာမှာ ယာယီအစားထိုးသွားဖို့အတွက် အသင်းလက်မဲ့ ဖြစ်လို့နေတဲ့ စတာရစ်ချ်ကို ပစ်မှတ်ထားလာခဲ့တာဖြစ်ပြီး ဆွေးနွေးမှုတွေလည်း ပြုလုပ်နေတယ်လို့ 90Min ကနေ ဖော်ပြလာခဲ့ပါတယ်။

Photo Credit : Liverpool FC

တိုက်စစ်မှူးစတာရစ်ချ်ဟာ မန်စီးတီးလူငယ်အသင်းကနေတစ်ဆင့် မန်စီးတီးစီနီယာအသင်းမှာ သူရဲ့စီနီယာကစားသမားဘဝကို စတင်ခဲ့တာဖြစ်ပြီး ၂၀၀၉ခုနှစ်မှာပဲ ပြိုင်ဘက်ချယ်လ်ဆီးအသင်းဆီကို ပြောင်းရွှေ့ခဲ့ပါတယ်။ ချယ်လ်ဆီးမှာ ပါဝင်ကစားနေစဉ်အတွင်း ၂၀၁၁ခုနှစ်မှာတော့ ဘော်တန်အသင်းဆီ အငှားစာချုပ်နဲ့ ပြောင်းရွှေ့ဖြစ်ခဲ့တဲ့ စတာရစ်ချ်ဟာ ၂၀၁၃ခုနှစ်မှာပဲ လီဗာပူးလ်အသင်းဆီ ထပ်မံပြောင်းရွှေ့ဖြစ်ခဲ့ပြီး ၂၀၁၉ခုနှစ်မှာတော့ တူရကီကလပ် ထရက်ဇွန်စပေါဆီကို အလွတ်ပြောင်းရွှေ့ကြေးနဲ့ ပြောင်းရွှေ့ဖြစ်ခဲ့ပြန်ပါတယ်။ စတာရစ်ချ်ဟာ ထရက်ဇွန်စပေါအသင်းမှာ တစ်ရာသီ ပါဝင်ကစားခဲ့ပြီး စာချုပ်ဖျက်သိမ်း ဖြစ်ခဲ့တာကြောင့် အသင်းလက်မဲ့ ကစားသမားဘဝကို ရောက်ရှိသွားခဲ့ရကာ အခုထိ အသင်းသစ်တစ်သင်းကို ရှာဖွေလို့နေပါတယ်။ မန်စီးတီး ချယ်လ်ဆီး လီဗာပူးလ်တို့လို ပရီးမီးယားလိဂ် ထိပ်သီးအသင်းတွေမှာ ပါဝင်ခဲ့ဖူးတဲ့ စတာရစ်ချ်ဟာ ပရီးမီးယားလိဂ်ဖလား ချန်ပီယံလိဂ်ဖလား အက်အေဖလား တူရကီဖလားတို့ကို ပိုင်ဆိုင်ခဲ့ဖူးသလို ၂၀၁၃-၂၀၁၄ ဘောလုံးရာသီ ပရီးမီးယားလိဂ်ပြိုင်ပွဲရဲ့ Team of the Year မှာပါ ပါဝင်ခဲ့ပါသေးတယ်။