ပရီးမီးယားလိဂ်ရဲ့ သက်တော်ရှည် အသင်းတွေထဲက တသင်း ဖြစ်တဲ့ နယူးကာဆယ်ဟာ ပြင်သစ် လီဂူးဝမ်း နာမည်ကြီးကလပ် လိုင်ယွန်ရဲ့ ဘရာဇီးလ် ကွင်းလယ်လူ ဂွီမာရေးစ်အတွက် တရားဝင် ကမ်းလှမ်းမှု တခု ပြုလုပ်ခဲ့ကြောင်း ခိုင်လုံတဲ့ သတင်းရင်းမြစ်တွေက ဖော်ပြသွားခဲ့ပါတယ်။
အသင်းပိုင်ရှင် အပြောင်းအလဲနဲ့အတူ ပရီးမီးယားလိဂ်ပြိုင်ပွဲမှာ တချိန်ကလို အင်အားကြီးအသင်း တသင်း ဖြစ်လာအောင် စတင် ပြင်ဆင်နေတဲ့ နယူးကာဆယ်ဟာ ယခု ဇန်နဝါရီလ အပြောင်းအရွှေ့ အတွင်းမှာ အသင်းကို တတ်နိုင်သမျှ အင်အားဖြည့်တင်းဖို့ ကြိုးစားနေတဲ့ အသင်းတသင်းပဲ ဖြစ်ပါတယ်။
Photo Credit: Mirror
အသက် ၂၄နှစ် အရွယ် ဘရာဇီးလ် လက်ရွေးစင် ကွင်းလယ်လူ ဂွီမာရေးစ်ဟာ ကွင်းလယ်ခံစစ်နဲ့ ဗဟိုကွင်းလယ် နှစ်နေရာစလုံးမှာ ကစားနိုင်စွမ်း ရှိသူ တဦး ဖြစ်ပြီး ယခုနှစ် ဘောလုံးရာသီမှာ လိုင်ယွန်အတွက် ပြိုင်ပွဲစုံမှာ ၂၅ပွဲ ပါဝင် ကစားပေးထားရာ ဂိုးဖန်တီးမှု ၆ကြိမ် ပြုလုပ်ထားနိုင်သူပါ။
ဂွီမာရေးစ်ဟာ အသင်းရဲ့ ကစားကွက်ကို ပုံဖော်နိုင်စွမ်း ရှိသလို သူ့ရဲ့ ပေးပို့မှုကလည်း တိကျတာကြောင့် ပရီးမီးယားလိဂ် နာမည်ကြီးကလပ် အာဆင်နယ်က သူ့ကို ခေါ်ယူဖို့ ကာလရှည် စောင့်ကြည့်ခဲ့တာ ဖြစ်ပြီး ယခုအချိန်မှာတော့ နယူးကာဆယ်က ဂွီမာရေးစ်ကို ခေါ်ယူဖို့ တရားဝင် ကြိုးပမ်းလာပါတယ်။
Photo Credit: Mirror
နာမည်ကြီး သတင်းထောက် တဦး ဖြစ်သူ ဖာဘရီဇီယို ရိုမာနိုရဲ့ ဖော်ပြချက်အရ နယူးကာဆယ်ဟာ ယနေ့မနက် အစောပိုင်းမှာပဲ ဂွီမာရေးစ်ကို ယူရို ၄၀သန်း ပေးချေကာ ခေါ်ယူဖို့ အသင့်ရှိကြောင်း လိုင်ယွန်ထံ အသိပေးကာ ကမ်းလှမ်းမှု တခု ပြုလုပ်ခဲ့သလို ဂွီမာရေးစ်ရဲ့ အေးဂျင့်နဲ့လည်း ဆက်သွယ်မှုတွေ ပြုလုပ်နေကြောင်း သိရပါတယ်။
လိုင်ယွန်ဟာ ဂွီမာရေးစ်ရဲ့ တန်ကြေးကို ယူရို ၄၀သန်း သတ်မှတ်ထားတာကြောင့် နယူးကာဆယ်ရဲ့ ကမ်းလှမ်းမှုကို လက်ခံဖို့ အသင့် ရှိနေပေမယ့် ဂွီမာရေးစ်ကတော့ အာဆင်နယ် ၊ ဂျူဗင်တပ် စတဲ့ ဥရောပ ထိပ်သီးအသင်းတွေရဲ့ စိတ်ဝင်စားမှုကို ရရှိနေတာကြောင့် နယူးကာဆယ်အနေနဲ့ ဂွီမာရေးစ်ကို အသင်းထံ ပြောင်းရွှေ့လာအောင် ဆွဲဆောင်နိုင်ဖို့ လိုအပ်ပါတယ်။