နယူးကာဆဲလ်ယူနိုက်တက်အသင်းရဲ့ သတင်းတွေကတော့ အခုတလောမှာ အရမ်းကိုဟော့ဖြစ်နေရပါတယ်။ ဘီလီယံနာသူဌေးကြီးတစ်ဦးဖြစ်တဲ့ ဆော်ဒီမင်းသား ဘင်ဆယ်လ်မန်ပိုင်ဆိုင်ထားတဲ့ ဆော်ဒီစီးပွားရေးလုပ်ငန်းစုကြီးတစ်ခုကနေ လွဲပြောင်းဝယ်ယူနိုင်တော့မယ်ဆိုတဲ့ သတင်းတွေ ထွက်ပေါ်ပြီးနောက်မှာ နယူးကာဆဲလ်အသင်းဟာ ထိပ်တန်းကစားသမားများစွာကို အသင်းဆီ ခေါ်ဆောင်နိုင်လိမ့်မယ်ဆိုတဲ့ ထင်ကြေးပေးသတင်းတွေကပါ ပူးတွဲထွက်ပေါ်လာခဲ့ပြီး အခုလည်း နာပိုလီအသင်းရဲ့ နောက်ခံလူကူလီဘလီကို ခေါ်ယူဖို့အတွက် ချိတ်ဆက်နေတယ်လို့ သတင်းတွေကနေ ဖော်ပြလာခဲ့ပါတယ်။

Photo Credit : Metro

ဆော်ဒီမင်းသား ဘင်ဆယ်လ်မန်နဲ့ သတင်းတွေထွက်လာခဲ့ပြီးနောက်မှာ နယူးကာဆဲလ်အသင်းဟာ ကာဗာနီ ဝီလီယံ အစရှိတဲ့ နာမည်ကျော်ထိပ်တန်းကစားသမားတွေနဲ့လည်း သတင်းတွေ ဆက်တိုက်ထွက်ပေါ်လာခဲ့ရပါတယ်။ အခုလည်း နာပိုလီအသင်းရဲ့ ဆီနီဂေါလက်ရွေးစင် ဗဟိုနောက်ခံကစားသမား ကူလီဘလီနဲ့ပါ သတင်းမွှေးလာခဲ့ပြီး အသင်းပိုင်ရှင်တွေကလည်း သူတို့ရဲ့ပထမဆုံး ခေါ်ယူမှုဖြစ်လာအောင် ကူလီဘလီကို ပစ်မှတ်ထားထားတယ်လို့ သိရပါတယ်။ ဒါပေမယ့် ကူလီဘလီကို နယူးကာဆဲလ်လိုပဲ မန်ချက်စတာယူနိုက်တက် မန်စီးတီး ဘာစီလိုနာနဲ့ ပီအက်စ်ဂျီအသင်းတို့ကလည်း အပြိုင်စိတ်ဝင်စားလို့နေပါတယ်။

Photo Credit : Metro

လက်ရှိ ကမ္ဘာ့အကောင်းဆုံးနောက်ခံလူတွေထဲမှာ တစ်ယောက်အပါအဝင်ဖြစ်လို့နေတဲ့ ကူလီဘလီအတွက် နာပိုလီဘက်ကနေ ပြောင်းရွှေ့ကြေးကို ပေါင်သန်း(၉၀)လောက်အထိ သတ်မှတ်ထားခဲ့ပေမယ့်လည်း လတ်တလော ကမ္ဘာတလွှားမှာ ဖြစ်ပွားလို့နေတဲ့ ကိုရိုနာဗိုင်းရပ်စ်ဂယက်ကြောင့် ကူလီဘလီရဲ့တန်ဖိုးဟာလည်း ပေါင်သန်း(၂၀) ဒါမှမဟုတ် သန်း(၃၀)လောက်အထိ ကျဆင်းသွားနိုင်ပါတယ်။ ဒါပေမယ့် နာပိုလီအသင်းရဲ့ ဥက္ကဌဖြစ်သူ ဒီလော်ရန်းတစ်ကတော့ အသင်းရဲ့ဘဏ္ဍာရေးအင်အား တောင့်တင်းနေနိုင်အောင် လာမယ့်နွေစျေးကွက်အတွင်း ကူလီဘလီကို ရောင်းချဖို့ ဆန္ဒရှိနေပြီး အခုလည်း နယူးကာဆဲလ်ဘက်ကနေ ကူလီဘလီကို ခေါ်ယူဖို့အတွက် ချိတ်ဆက်မှုတွေ ပြုလုပ်လာခဲ့တယ်လို့ သတင်းတွေထွက်လာခဲ့ပါတယ်။ ဒါပေမယ့် ကစားသမားဘက်ကနေ နယူးကာဆဲလ်လို အသင်းမျိုးမှာ သွားရောက်ကစားချင်ပါ့မလားဆိုတာကတော့ စဉ်းစားစရာဖြစ်နေပြီး မန်ချက်စတာ အသင်း(၂)သင်းထဲ တစ်သင်းသင်းကိုသာ ရွေးချယ်သွားဖွယ်သာရှိနေပါတယ်။