MySport Myanmar

နယူးကာဆယ်က ဒီပိုင်းကို ခေါ်ယူနိုင်ဖို့ အလားအလာ အကောင်းဆုံးအသင်း ဖြစ်နေ

လာမယ့်နွေဈေးကွက်မှာ ဘာစီလိုနာအသင်းနဲ့ စာချုပ်သက်တမ်း ကုန်ဆုံးတော့မယ့် နယ်သာလန် တိုက်စစ်ကစားသမား မန်ဖစ်ဒီပိုင်းဟာ အသင်းကနေ free transfer နဲ့ ထွက်ခွာရဖွယ် ရှိနေပြီး ဒီပိုင်းကို ခေါ်ယူချင်နေတဲ့ ကလပ်အသင်းတွေထဲမှာ နယူးကာဆယ်ယူနိုက်တက်အသင်းက ခေါ်ယူနိုင်ဖို့ အလားအလာ အကောင်းဆုံး ဖြစ်နေရတယ်လို့ စပိန်သတင်းစာ SPORT ကနေ ဖော်ပြလာခဲ့ပါတယ်။

Photo Credit : Football Espana

နယ်သာလန်လက်ရွေးစင် တိုက်စစ်ကစားသမား ဒီပိုင်းဟာ နယ်သာလန်ကလပ် PSV အသင်းမှာ သူရဲ့ စီနီယာ ကစားသမားဘဝကို စတင်ခဲ့ပြီး ၂၀၁၅ခုနှစ်မှာ မန်ချက်စတာယူနိုက်တက်အသင်းဆီ ရောက်ရှိခဲ့သလို (၂)နှစ်အကြာမှာပဲ လိုင်ယွန်အသင်းဆီ ပြောင်းရွှေ့ဖြစ်ခဲ့ပါတယ်။ လိုင်ယွန်ကို (၄)နှစ်ခွဲစာချုပ်နဲ့ ရောက်ရှိခဲ့တဲ့ ဒီပိုင်းဟာ လိုင်ယွန်နဲ့ စာချုပ်ကုန်ဆုံးချိန်မှာတော့ ဘာစီလိုနာအသင်းဆီကို (၂)နှစ်စာချုပ်နဲ့ ပြောင်းရွှေ့ခဲ့ပြန်ပြီး အခုနှစ် ဘောလုံးရာသီအကုန်မှာတော့ ဘာစီလိုနာနဲ့ ဒီပိုင်းတို့ စာချုပ်သက်တမ်းဟာလည်း ကုန်ဆုံးရတော့မှာပဲ ဖြစ်ပါတယ်။

Photo Credit : The US Sun

လာမယ့်နွေမှာ ဘာစီလိုနာနဲ့ စာချုပ်ကုန်ဆုံးတော့မယ့် ဒီပိုင်းကို အသင်းဘက်က စာချုပ်သက်တမ်းတိုးဖို့ အစီအစဉ်မရှိတော့ပဲ အသင်းကနေ free transfer နဲ့သာ ပြန်လည် ထွက်ခွာခွင့်ပြုဖို့ အစီအစဉ် ရှိနေသလို ကစားသမားကိုယ်တိုင်ကလည်း ဇန်နဝါရီဈေးကွက်ထဲမှာ အသင်းပြောင်းခြင်းထက် နွေမှသာ အသင်းကနေ ထွက်ခွာချင်နေပါတယ်။ ဒါပေမယ့်လည်း ဒီပိုင်းကို ခေါ်ယူချင်နေတဲ့ ကလပ်အသင်း တချို့ကတော့ နွေမှာထက် လာမယ့် ဇန်နဝါရီလမှာပဲ အသင်းဆီ တစ်ခါတည်း အရ ခေါ်ယူချင်နေကြတာကြောင့် ကမ်းလှမ်းမှုတွေ အသေအချာ ပြုလုပ်လာဖို့ ရှိနေပြီး လက်ရှိ အနေအထားအရဆိုရင်လည်း နယူးကာဆယ်အသင်းက အခြားသော အသင်းတွေထက် အခြေအနေ အကောင်းဆုံး ဖြစ်နေရပါတယ်။ ပရီးမီးယားလိဂ် အမှတ်ပေးဇယားမှာ အဆင့်(၃)နေရာထိ ရောက်ရှိနေတဲ့ နယူးကာဆယ်ဟာ လာမယ့်နှစ်မှာ ဥရောပပြိုင်ပွဲ တစ်ခုခုကို ဝင်ရောက် ဆင်နွဲရဖို့အတွက် ဒီရာသီအတွင်း အဆင့် ရပ်တည်ချက်ကောင်းကောင်း ရရှိဖို့ လိုအပ်နေသလို အသင်းက ဥရောပဝင်ခွင့်တွေ ရရှိလာရင်လည်း superstar ကစားသမားတွေကိုပါ ပိုမို စွဲဆောင်လာဖွယ် ရှိလာမှာ ဖြစ်ပါတယ်။ ဒါကြောင့် ဒီပိုင်းလို အတွေ့အကြုံကောင်းတွေ ကြွယ်ဝပြီး quality ရှိ ကစားသမားတစ်ဦးကို ခေါ်ယူရင်း အသင်းရဲ့ ကစားသမားအင်အားကို ဖြည့်တင်းဖို့ နယူးကာဆယ်အသင်းက စီစဉ်လာခဲ့တာ ဖြစ်ပါတယ်။

Exit mobile version