နယူးကာဆယ်အသင်းဟာ ဒီနှစ်ဘောလုံးရာသီအကုန်မှာပဲ အသင်းနည်းပြ အပြောင်းအလဲ လုပ်ဆောင်သွားဖို့ ရှိနေရာ လက်ရှိနည်းပြ အက်ဒီဟောင်းနေရာအတွက် ဂျာမနီအသင်းနည်းပြ ဂျူလီယန် နာဂယ်စမန်းကို အစားထိုး ခန့်အပ်သွားချင်နေတယ်လို့ ဂျာမနီသတင်းစာ Blid ကနေ ဖော်ပြလာပါတယ်။

အင်္ဂလန်လူမျိုး ဘောလုံးနည်းပြ အက်ဒီဟောင်းက နယူးကာဆယ်အသင်းကို ချန်ပီယံလိဂ်ဝင်ခွင့် ရရှိအောင် စွမ်းဆောင်ပေးထားနိုင်ခဲ့ပေမယ့်လည်း ဒီရာသီမှာတော့ အသင်းက ရလဒ်ပိုင်း တည်ငြိမ်မှု ရှိမနေပဲ ချန်ပီယံလိဂ်ကနေပါ အုပ်စုအဆင့်နဲ့ပဲ လှည့်ပြန်ထားခဲ့ရပါတယ်။

Photo Credit : Football365

ဒါ့အပြင် ဒီရာသီထဲမှာ နယူးကာဆယ်က ပရီးမီးယားလိဂ် အမှတ်ပေးဇယားရဲ့ အဆင့် (၁၀)နေရာအထိ ရောက်ရှိနေတဲ့အပြင် FA ဖလားသာ မျှော်လင့်ချက် ရှိတော့တဲ့ အခြေအနေအထိပါ ရောက်ရှိနေရပါတယ်။ ဒါကြောင့် အသင်းတာဝန်ရှိသူတွေက ဒီရာသီအကုန်မှာပဲ နည်းပြအပြောင်းအလဲပါ လုပ်ဆောင်ချင်လာခဲ့ပါတယ်။

ကနဦးပိုင်းတုန်းကတော့ နယူးကာဆယ် ရလဒ်တွေ ဆက်တိုက် ဆိုးရွှားနေချိန်နဲ့ နည်းပြကြီး ဂျိုဆေး မော်ရင်ဟိုကို ရိုးမားက ထုတ်ပယ်လိုက်ချိန်က တိုက်တိုက်ဆိုင်ဆိုင် ဖြစ်နေတာမို့ နယူးကာဆယ်က မော်ရင်ဟိုကိုပဲ အက်ဒီဟောင်းနေရာမှာ အစားထိုး ခန့်အပ်သွားတော့မယ်ဆိုတဲ့ သတင်းတွေ အတော်လေး ထွက်ပေါ်လိုက်ပါသေးတယ်။

Photo Credit : The Sun

ဒါပေမယ့် နယူးကာဆယ် တကယ် စိတ်ဝင်စားနေတဲ့ နည်းပြကတော့ မော်ရင်ဟို အသေးစားလို့ တင်စားခံထားရတဲ့ လူငယ်နည်းပြ နာဂယ်စမန်းပဲ ဖြစ်ပါတယ်။ လိုက်ပ်ဇစ်နဲ့ ဘိုင်ယန်အသင်းတွေရဲ့ နည်းပြဟောင်း နာဂယ်စမန်းက လက်ရှိမှာ ဂျာမနီလက်ရွေးစင်အသင်းကို ကိုင်တွယ်လျက် ရှိပါတယ်။

နာဂယ်စမန်းအနေနဲ့ လာမယ့် ယူရို-၂၀၂၄ပြိုင်ပွဲမှာ ဂျာမနီအသင်းအတွက် သူဘယ်လောက်အထိ စွမ်းဆောင်ပေးနိုင်မလဲ ဆိုတာအပေါ် မူတည်ပြီး သူရဲ့ အနာဂတ်က အဖြေထွက်လာဖို့ ရှိနေတာကြောင့် သူ့ကို နယူးကာဆယ် အပါအဝင် လီဗာပူးလ် မန်ယူနိုက်တက်တို့ကလည်း စောင့်ကြည့်လျက် ရှိနေပါတယ်။