MySport Myanmar

တိုက်စစ်မှူး ကဲလ်ဗတ်လီဝင်ကို ပေါင်(၃၅)သန်းနဲ့ ခေါ်ယူချင်နေတဲ့ နယူးကာဆယ်

နယူးကာဆယ်ယူနိုက်တက်ဒ်အသင်းဟာ အခု ဆောင်းဈေးကွက်အတွင်းမှာပဲ အဲဗာတန်အသင်းရဲ့ အင်္ဂလန် တိုက်စစ်ကစားသမား ဒိုမီနစ်ကဲလ်ဗတ်လီဝင်ကို ပြောင်းရွေ့ကြေး ပေါင်(၃၅)သန်းနဲ့ ခေါ်ယူသွားချင်နေတယ်လို့ The Sun သတင်းစာကနေ ဖော်ပြလာခဲ့ပါတယ်။

Photo Credit : The Sun

နယူးကာဆယ်အသင်းဟာ အသင်းရဲ့ တိုက်စစ်ကစားသမား ခရစ္စဝုဒ်ကို နော်တင်ဟမ်ဖောရက်စ်အသင်းဆီ လက်လွတ်လိုက်ပြီးနောက်ပိုင်း တိုက်စစ်ပိုင်းကို ပြန်လည် ဖြည့်တင်းသွားချင်နေတဲ့အတွက် ဈေးကွက်မပိတ်ခင်မှာပဲ အဲဗာတန် တိုက်စစ်မှူး ကဲလ်ဗတ်လီဝင်ကို ခေါ်ယူချင်လာခဲ့တာ ဖြစ်ပါတယ်။ အသက်(၂၅)နှစ်အရွယ် အင်္ဂလန်လက်ရွေးစင်ဟောင်း ကဲလ်ဗတ်လီဝင်ဟာ မန်ချက်စတာယူနိုက်တက်ဒ် အာဆင်နယ်တို့လို ပရီးမီးယားလိဂ် ထိပ်သီး အသင်းကြီးတွေရဲ့ ပစ်မှတ်ပါ ဖြစ်ခဲ့ရသူဖြစ်ပြီး အင်္ဂလန်လက်ရွေးစင်အသင်းမှာလည်း (၁၁)ပွဲအထိ ပါဝင်ကစားထားနိုင်ခဲ့သူလည်း ဖြစ်ပါတယ်။

Photo Credit : Sky Sports

၂၀၂၀-၂၀၂၁ ဘောလုံးရာသီတုန်းက အဲဗာတန်အသင်းအတွက် ပရီးမီးယားလိဂ်ဂိုး (၁၆)ဂိုးအထိကို သွင်းယူနိုင်ခဲ့တဲ့ ကဲလ်ဗတ်လီဝင်ဟာ နောက်ပိုင်းနှစ်တွေမှာ သူရဲ့ ဒူးဒဏ်ရာ ပြသာနာကြောင့် ခြေစွမ်းပိုင်းတွေ ကျဆင်းလာခဲ့ရသလို မပါဝင်ဖြစ်တဲ့ ပွဲအရေအတွက်လည်း များလာခဲ့ရပါတယ်။ ဒီနှစ် ဘောလုံးရာသီမှာလည်း ပရီးမီးယားလိဂ် (၇)ပွဲကိုသာ ပွဲထွက်ကစားထားရတဲ့ လီဝင်ဟာ အဲဗာတန်က ခရစ္စတယ်ပဲလေ့စ်ကို ဂိုးပြတ် အနိုင်ရခဲ့တဲ့ ပွဲစဉ်မှာသာ လိဂ်ဂိုးတစ်ဂိုး သွင်းယူနိုင်ခဲ့ပြီး ကျန်တဲ့ပွဲတွေမှာတော့ ခြေစွမ်းပြဖို့ ရုန်းကန်ခဲ့ရပါတယ်။ ဒါပေမယ့် ကဲလ်ဗတ်လီဝင်ကို နယူးကာဆယ်အသင်းဟာ ပြီးခဲ့တဲ့နွေရာသီကတည်းက ခေါ်ယူချင်ခဲ့တာဖြစ်လို့ အခုလည်း ထပ်မံ ကြိုးပမ်းလာဖို့ ရှိနေပြီး တကယ်လို့ အဲဗာတန်ဘက်က သူတို့ကစားသမားကို ဆောင်းဈေးကွက်အတွင်းမှာ ထုတ်မရောင်းလိုဘူးဆိုရင်တောင် လာမယ့်နွေမှာ ထပ်မံ ကြိုးပမ်းဖွယ် ရှိနိုင်ပါတယ်။ အရပ်အမောင်း မြင့်မားပြီး ခေါင်းတိုက်ရင်း ဂိုးတွေ သွင်းယူတတ်သူဖြစ်တဲ့ ကဲလ်ဗတ်လီဝင်ဟာ ရှက်ဖီးယူနိုက်တက်ဒ်ကနေ အဲဗာတန်အသင်းဆီကို ၂၀၁၆ခုနှစ်ကတည်းက ရောက်ရှိလာခဲ့တာဖြစ်ပြီး အဲဗာတန်အတွက် ပြိုင်ပွဲစုံ ပွဲပေါင်း (၂၀၁)ပွဲကစား (၅၉)ဂိုး သွင်းယူထားသလို ၂၀၂၅ခုနှစ်အထိ စာချုပ်သက်တမ်း ကျန်ရှိလို့နေပါတယ်။

Exit mobile version