ပရီးမီးယားလိဂ်ရဲ့ ဓနအင်အား တောင့်တင်းတဲ့ အသင်းတသင်း ဖြစ်တဲ့ နယူးကာဆယ်ကတော့ လာမယ့်ရာသီ အတွက် အင်အားဖြည့်တင်းမှု တရပ်အနေနဲ့ စပိန်လာလီဂါ ချန်ပီယံ ရီးရဲလ်မက်ဒရစ် ကနေ ထွက်ခွာဖို့ တာစူနေတဲ့ အဆန်စီယိုကို ခေါ်ယူဖို့ စိတ်ဝင်စားနေကြောင်း အင်္ဂလန် အခြေစိုက် သတင်းဌာနတွေနဲ့ စပိန်အခြေစိုက် သတင်းဌာနတွေက အခိုင်အမာ ဖော်ပြသွားကြပါတယ်။

တချိန်က ပရီးမီးယားလိဂ်ရဲ့ အင်အားကြီးအသင်း ဖြစ်ခဲ့ဖူးတဲ့ နယူးကာဆယ်က ဆော်ဒီ တော်ဝင်မိသားစုပိုင် အသင်းတသင်း ဖြစ်လာခဲ့ပြီးနောက် ယခင်ကလို ပရီးမီးယားလိဂ်ပြိုင်ပွဲမှာ ပြန်လည် ကြီးစိုးနိုင်အောင် ထိပ်တန်း ကစားသမားတွေကို ခေါ်ယူဖို့ ပစ်မှတ်ထား ကြိုးပမ်းနေပြီး အဆန်စီယို အပါအဝင် ဥရောပရဲ့ နာမည်ကြီး ကစားသမား အများစုကို ခေါ်ယူနိုင်ဖို့ ကြိုးစားနေပါတယ်။

Photo Credit: AS English

တဖက်မှာတော့ အသက် ၂၆နှစ် အရွယ် စပိန် ကွင်းလယ်တိုက်စစ် ကစားသမား အဆန်စီယိုက ရီးရဲလ်မက်ဒရစ်နဲ့ စာချုပ်သက်တမ်း ၁နှစ်သာ ကျန်ရှိတော့သလို ရီးရဲလ်မက်ဒရစ်ကလည်း သူ့ကို စာချုပ်သစ် မကမ်းလှမ်းတာကြောင့် ယခု နွေဈေးကွက် အတွင်းမှာပဲ အသင်းပြောင်းဖို့ စဉ်းစားနေသူပါ။

လက်ရှိမှာ အဆန်စီယိုက အီတလီ စီးရီးအေ ချန်ပီယံ အေစီမီလန်ထံ ပြောင်းရွှေ့ဖို့ ဆွေးနွေးမှုတွေ ပြုလုပ်ထားပေမယ့် အေစီမီလန်ဟာ အဆန်စီယို အတွက် ရီးရဲလ်မက်ဒရစ်ဘက်က တောင်းဆိုထားတဲ့ ပြောင်းရွှေ့ကြေး ယူရို ၃၀သန်းကို မပေးချေနိုင်တာကြောင့် အဆန်စီယိုအနေနဲ့ အသင်းပြောင်းဖို့ ခက်ခဲနေပြီး နယူးကာဆယ်က အေစီမီလန်ရဲ့ ဘဏ္ဍာရေး အကြပ်အတည်းကို အခွင့်ကောင်း ယူကာ အဆန်စီယိုကို ကြားဖြတ် ခေါ်ယူဖို့ ကြိုးပမ်းလာကြောင်း နာမည်ကြီး စပိန်အခြေစိုက် သတင်းဌာန တခု ဖြစ်တဲ့ AS သတင်းဌာနက ဆိုပါတယ်။

Photo Credit: AS English

အီတလီ အခြေစိုက် နာမည်ကြီး သတင်းဌာန တခု ဖြစ်တဲ့ Tutto Sportsကလည်း နယူးကာဆယ်ဟာ အေစီမီလန်ပစ်မှတ် အဆန်စီယိုကို ကြားဖြတ် ခေါ်ယူဖို့ ကြိုးပမ်းလာကြောင်း ထပ်ဆင့် အတည်ပြုပေးထားပြီး နယူးကာဆယ်က အဆန်စီယို အတွက် ပြောင်းရွှေ့ကြေး ယူရို ၃၀သန်းကို အလွယ်တကူ ပေးချေနိုင်သလို အဆန်စီယိုကလည်း သူ့ကို ပုံမှန် ပွဲထွက်ခွင့် ပေးနိုင်သလို စိတ်လှုပ်ရှားစရာ ကောင်းတဲ့ စီမံကိန်းတွေ ရှိနေတဲ့ နယူးကာဆယ်ဆီ ပြောင်းရွှေ့ဖို့ စိတ်ဝင်စားနေကြောင်း သိရပါတယ်။