အသင်းပိုင်ရှင် အပြောင်းအလဲနဲ့ အတူ ပရီးမီးယားလိဂ်ပြိုင်ပွဲမှာ တချိန်ကလို အောင်မြင်မှုတွေ ရယူနိုင်ဖို့ ကစားသမားကောင်းတွေကို ခေါ်ယူရန် တောက်လျှောက် ဆိုသလို ကြိုးပမ်းနေတဲ့ နယူးကာဆယ်ဟာ အာဆင်နယ်ရဲ့ ဂျာမန် ဂိုးသမား လေနိုကို ခေါ်ယူဖို့ စိတ်ဝင်စားနေကြောင်း အင်္ဂလန် အခြေစိုက် သတင်းရင်းမြစ်တွေက အခိုင်အမာ ဖော်ပြသွားကြပါတယ်။

ယခုနှစ် ဘောလုံးရာသီမှာ တန်းဆင်းဇုန် အန္တရာယ်နဲ့ ရင်ဆိုင်နေရတဲ့ နယူးကာဆယ်ဟာ ဇန်နဝါရီ အပြောင်းအရွှေ့ ကာလအတွင်းမှာတင် အသင်းကို ကြီးမားတဲ့ လူအင်အား ဖြည့်တင်းမှုတွေ ပြုလုပ်ဖို့ ကြိုးစားနေတဲ့ အင်္ဂလန် လက်ရွေးစင် ညာနောက်ခံလူ ထရစ်ပီယာနဲ့ ဘန်လေ တိုက်စစ်မှူး ခရစ္စဝုဒ်တို့ကို ခေါ်ယူထားနိုင်သလို ဆီးဗီးလား နောက်ခံလူ ကားလို့စ်နဲ့ မန်ချက်စတာ ယူနိုက်တက် ကွင်းလယ်တိုက်စစ် ကစားသမား လင်ဂတ်တို့ကိုလည်း ခေါ်ယူဖို့ ကြိုးစားနေပါတယ်။

Photo Credit: Mirror

နယူးကာဆယ်နည်းပြ အက်ဒီဟောင်း ကတော့ သူ့ရဲ့ ကစားသမား ဖြည့်တင်းမှုကို ဒီလောက်နဲ့ မကျေနပ်နိုင်သေးပဲ အသင်းရဲ့ ဂိုးသမား ဒူရပ်ကာရဲ့ လက်စွမ်းကို သဘောမကျတာကြောင့် ထိပ်တန်း ဂိုးသမား တဦးကို ခေါ်ယူပေးဖို့ အသင်းရဲ့ ဘုတ်အဖွဲ့ထံ တောင်းဆိုခဲ့ကြောင်း နယူးကာဆယ်နဲ့ နီးစပ်သူတွေက ဆိုပါတယ်။

အက်ဒီဟောင်းရဲ့ တောင်းဆိုမှုကြောင့်ပဲ နယူးကာဆယ်ဟာ ထိပ်တန်းအဆင့် လက်စွမ်းကို ပိုင်ဆိုင်ထားတဲ့ ဂိုးသမား တဦးကို စတင် ရှာဖွေခဲ့ပြီး အာဆင်နယ်မှာ ပုံမှန် ပွဲထွက်ခွင့် မရတာကြောင့် အသင်းကနေ ထွက်ခွာချင်နေတဲ့ လေနိုဟာ သူတို့အသင်းရဲ့ နံပါတ်တစ် ပစ်မှတ် ဖြစ်လာပါတယ်။

Photo Credit: Mirror

နာမည်ကြီး သတင်းဌာန တခု ဖြစ်တဲ့ Sky Sports သတင်းဌာနရဲ့ ဖော်ပြချက်အရ နယူးကာဆယ်ဟာ လေနိုကို ခေါ်ယူဖို့ စိတ်ဝင်စားနေသလို သူ့ကို ယခု ဇန်နဝါရီ အပြောင်းအရွှေ့ ကာလမှာတင် ခေါ်ယူနိုင်မလား ဆိုတာကို စုံစမ်းထားကြပြီး အကယ်၍ လေနိုက သူတို့အသင်းဆီ ပြောင်းလာချင်သလို အာဆင်နယ်ကလည်း လေနိုကို ရောင်းချနိုင်ချေ ရှိပါက လေနိုကို ခေါ်ယူဖို့ ကြိုးစားသွားမယ်လို့ သိရပါတယ်။

အသက် ၂၉နှစ် အရွယ် ဂျာမန် လက်ရွေးစင် ဂိုးသမား လေနိုဟာ လေဗာကူဆင် ကနေ အာဆင်နယ်ထံ ပြောင်းရွှေ့လာပြီးနောက် အသင်းရဲ့ နံပါတ်တစ် ဂိုးသမား အဖြစ် လက်စွမ်းကောင်းတွေ ပြသထားနိုင်ပေမယ့် ယခုနှစ် ဘောလုံးရာသီမှာတော့ အသင်းဆီ အသစ်ရောက်လာတဲ့ ဂိုးသမား ရမ်စဒယ်ထံ နံပါတ်တစ် ဂိုးသမား ဘွဲ့ထူးကို လွှဲပြောင်းပေးထားရပြီး ပုံမှန် ပွဲထွက်ခွင့် ရဖို့ အတွက် အသင်းပြောင်းချင်နေတဲ့ ကစားသမားလည်း ဖြစ်ပါတယ်။