လာမယ့်ရာသီမှာ ချန်ပီယံလိဂ်ပြိုင်ပွဲကို တကျော့ပြန် ဝင်ရောက် ယှဉ်ပြိုင်ခွင့် ရထားတဲ့ နယူးကာဆယ်က အီတလီ စီးရီးအေ ထိပ်သီးကလပ် အင်တာမီလန်ရဲ့ ဘယ်နောက်ခံလူ ဒီမားကို့စ်ကို ခေါ်ယူရန် စိတ်ဝင်စားနေကြောင်း ယုံကြည် စိတ်ချရတဲ့ သတင်းရင်းမြစ် တချို့က ဖော်ပြလာကြပါတယ်။

ဆော်ဒီ တော်ဝင်မိသားစုက နယူးကာဆယ်ရဲ့ ပိုင်ရှင်သစ် ဖြစ်လာပြီးနောက် အသင်းကို ယခင်ကလို ပရီးမီးယားလိဂ်ရဲ့ အင်အားကြီးအသင်း တသင်း ပြန်ဖြစ်လာအောင် တည်ဆောက်ဖို့ ဆုံးဖြတ်ခဲ့ပြီး ထရစ်ပီယာ ၊ ဘော့မန်း ၊ ဂွီမာရေးစ် စတဲ့ ထိပ်သီး ကစားသမားတွေကို အမိအရ ခေါ်ယူနိုင်ခဲ့သလို နည်းပြသစ် အက်ဒီဟောင်းရဲ့ ကောင်းမွန်လှတဲ့ နည်းစနစ်တွေကြောင့် ၂၀၂၂-၂၀၂၃ ဘောလုံးရာသီမှာ ပရီးမီးယားလိဂ်ရဲ့ အဆင့်၄အတွင်း ဝင်ရောက်နိုင်ခဲ့ကာ ချန်ပီယံလိဂ်ဝင်ခွင့်ကို ရရှိခဲ့ပါတယ်။

Photo Credit: Football Italia

နယူးကာဆယ်က ဆယ်စုနှစ် ၂စု အတွင်း ပထမဦးဆုံးအကြိမ် ချန်ပီယံလိဂ်ပြိုင်ပွဲမှာ ပြန်လည် ပါဝင်ခွင့် ရတာ ဖြစ်လို့ အသင်းရဲ့ တာဝန်ရှိသူတွေက ယခု နွေဈေးကွက် အတွင်းမှာ ထိပ်တန်း ကစားသမား အများအပြားကို ခေါ်ယူဖို့ ပစ်မှတ်ထား ကြိုးပမ်းနေပြီး နယူးကာဆယ်ဟာ အီတလီ ထိပ်သီး ကွင်းလယ်လူ တိုနယ်လီကိုလည်း ပြောင်းရွှေ့ကြေး ယူရို ၆၄သန်း အထိ ပေးချေကာ ခေါ်ယူထားပါတယ်။

နယူးကာဆယ်က တိုနယ်လီကို ခေါ်ယူနိုင်ခဲ့ပြီးနောက် အသင်းရဲ့ ခံစစ်ပိုင်းကို ဆက်လက် အားဖြည့်ဖို့ ဆုံးဖြတ်ထားပြီး နယူးကာဆယ်ရဲ့ တာဝန်ရှိသူတွေက မိုနာကို ဗဟိုခံစစ်မှူး ဒီဆာဆီကို ခေါ်ယူဖို့ ကြိုးစားနေသလို ယနေ့ ညနေပိုင်းမှာလည်း အင်တာမီလန် ဘယ်နောက်ခံလူ ဒီမားကို့စ်ကို ခေါ်ယူဖို့ ဆက်သွယ်မှုတွေ စတင် ပြုလုပ်လာပါတယ်။

Photo Credit: Goal

နာမည်ကြီး အီတလီ သတင်းထောက် ဖြစ်သူ ဒီမာဇီယိုရဲ့ ဖော်ပြချက်အရ နယူးကာဆယ်က ဒီမားကို့စ်ကို ခေါ်ယူဖို့ ယနေ့ညနေမှာပဲ ဆက်သွယ်မှု တချို့ စတင် ပြုလုပ်လာခဲ့ပြီး နယူးကာဆယ်ရဲ့ နည်းပြချုပ် အက်ဒီဟောင်းက ဒီမားကို့စ်ရဲ့ နိုင်လိုစိတ် ပြင်းပျမှုနဲ့ ခြေစွမ်းတို့ကို သဘောကျတာကြောင့် ဒီမားကို့စ်ကို ဘယ်နောက်ခံနေရာ အတွက် နံပါတ်၁ပစ်မှတ် အဖြစ်ပါ သတ်မှတ်ထားကြောင်း သိရပါတယ်။

အင်တာမီလန်ကတော့ သူတို့ရဲ့ အဓိက ဘယ်နောက်ခံလူ ဒီမားကို့စ်ကို ရောင်းထုတ်ဖို့ စိတ်ကူးမရှိသေးပေမယ့် နယူးကာဆယ်ကသာ ပြောင်းရွှေ့ကြေး ယူရို ၅၀သန်း ဝန်းကျင်နဲ့ ကမ်းလှမ်းလာမယ် ဆိုရင် ဒီမားကို့စ်ကို ရောင်းချပေးဖို့ စဉ်းစားနိုင်ကြောင်း အင်တာမီလန်နဲ့ နီးစပ်တဲ့ သတင်းရင်းမြစ်တွေက ဖော်ပြထားပါတယ်။