MySport Myanmar

ဆက်စ်ကို ကို ခေါ်ယူဖို့ အခြေအနေ ပိုကောင်းလာတဲ့ နယူးကာဆယ်

မန်ချက်စတာ ယူနိုက်တက်က တိုက်စစ်မှူး ဘင်ဂျမင် ဆက်စ်ကို ကို ခေါ်ယူဖို့ အခြေအနေကောင်းနေပြီလို့ သတင်းတွေ ထွက်ပေါ်ခဲ့ပေမယ့် နယူးကာဆယ်က အခုအခါမှာ ဒီအပြောင်းအရွှေ့ပြိုင်ပွဲကို ဦးဆောင်နိုင်မယ့် အနေအထားကို ရောက်ရှိလာခဲ့ပြီ ဖြစ်ပါတယ်။

Daily Mail ရဲ့ ဖော်ပြချက်အရ ယူနိုက်တက်ထက် သူတို့အသင်းကို ရွေးချယ်လာအောင် တိုက်စစ်မှူး ဆက်စ်ကို ကို ငှက်ကျားတို့က ကလပ်အသင်းရဲ့ ဆွဲဆောင်မှုအရှိဆုံး ကမ်းလှမ်းမှုနဲ့ အသင်းရဲ့ အနာဂတ်အစီအစဉ်တွေကို တင်ပြခဲ့တယ်လို့ သိရပါတယ်။ နယူးကာဆယ်ဟာ ဒီနွေရာသီမှာ နံပါတ်(၉) တိုက်စစ်မှူးစစ်စစ်တစ်ဦးကို အသည်းအသန် ရှာဖွေနေတာဖြစ်ပြီး လက်ရှိတိုက်စစ်မှူး အလက်ဇန်းဒါး အီဆက်ခ်ကလည်း လီဗာပူးလ်ကို ပြောင်းရွှေ့ဖို့ သတင်းကြီးနေပါတယ်။ ဒါ့အပြင် ဂျာအို ပက်ဒရို၊ လီယမ် ဒီလပ်နဲ့ ဟူဂို အီကီတီကေးလို အဓိကပစ်မှတ်တွေကိုလည်း လွဲချော်ခဲ့ပြီး ဖြစ်ပါတယ်။

Photo Credit : talkSPORT

တိုက်စစ်ပိုင်း အင်အားဖြည့်တင်းဖို့ အလားတူလိုအပ်နေတဲ့ ယူနိုက်တက်ကလည်း ဆက်စ်ကို ကို ခေါ်ယူဖို့ ကြိုးပမ်းနေပြီး အိုးထရက်ဖို့ဒ်ကို ဘာကြောင့် ပြောင်းသင့်တယ်ဆိုတဲ့ အချက်တွေကို တင်ပြဆွေးနွေးခဲ့ပါတယ်။ ဆက်စ်ကိုရဲ့ ဆုံးဖြတ်ချက်ကို ရှင်းရှင်းလင်းလင်း မသိရသေးပေမယ့် ဆလိုဗေးနီးယား သတင်းဌာနတစ်ခုဖြစ်တဲ့ Delo ကတော့ အက်ဒီဟောင်းရဲ့ နယူးကာဆယ်အသင်းကသာ ဆက်စ်ကိုအတွက် အကောင်းဆုံးကမ်းလှမ်းမှုကို ပေးအပ်ခဲ့ပြီး သူဟာ မန်ယူနိုက်တက်အစား နယူးကာဆယ်ကိုသာ ရွေးချယ်သွားဖွယ်ရှိတယ်လို့ အံ့အားသင့်ဖွယ်ရာ သတင်းတစ်ပုဒ်ကို ဖော်ပြခဲ့ပါတယ်။

ရက်စ်မက်စ် ဟွိုင်းလန်းနဲ့ ဂျိုရူအာ ဇာ့ခ်ဇီးတို့ဟာ အသင်းလိုအပ်တဲ့ စံနှုန်းကို မပြည့်မီသေးဘူးလို့ သုံးသပ်ခံနေရပြီး အီဆက်ခ်ကလည်း လီဗာပူးလ်ကို ပြောင်းဖို့ စိတ်ပိုင်းဖြတ်ထားတာကြောင့် မန်ယူနဲ့ နယူးကာဆယ် နှစ်သင်းစလုံးဟာ ထိပ်တန်းတိုက်စစ်မှူးတစ်ဦး မဖြစ်မနေ လိုအပ်နေပါတယ်။ လိုက်ပ်ဇစ်မှာ ဆက်စ်ကိုရဲ့ အနာဂတ်နဲ့ ပတ်သက်ပြီး သတင်းတွေ ဆက်တိုက်ထွက်ပေါ်နေတာကြောင့် သူဟာ အသင်းနှစ်သင်းလုံးအတွက် အဓိကပစ်မှတ် ဖြစ်လာခဲ့ပါတယ်။ ဒါပေမဲ့ လိုက်ပ်ဇစ်အသင်းက သူ့ကို လက်လွှတ်ဖို့ ပြောင်းရွှေ့ကြေး ဘယ်လောက်အထိ တောင်းဆိုမလဲဆိုတာကတော့ မရှင်းလင်းသေးပါဘူး။

Photo Credit : BBC

မူလက ဆလိုဗေးနီးယား တိုက်စစ်မှူးဟာ အာဆင်နယ်ကို ပြောင်းဖို့ သေချာသလောက် ဖြစ်ခဲ့ပေမယ့် ဂျာမန်ကလပ်နဲ့ ဆက်စ်ကိုရဲ့ အေးဂျင့်တို့က ငွေကြေးကိစ္စ အငြင်းပွားခဲ့တာကြောင့် အာဆင်နယ်တို့ဟာ ဗစ်တာ ယိုကယ်ရက်စ်ကိုသာ အစားထိုးခေါ်ယူသွားခဲ့ပါတယ်။ ဆလိုဗေးနီးယားက ထွက်ပေါ်လာတဲ့ သတင်းတွေရှိနေပေမယ့်လည်း ဘောလုံးသတင်းထောက် ဂျန် အေ့ဂျ် ဖယော့တော့ဖ်ကတော့ ဆက်စ်ကိုဟာ မန်ချက်စတာ ယူနိုက်တက်ကိုသာ ပြောင်းရွှေ့ချင်နေပြီး သူ့ရဲ့စိတ်လည်း မပြောင်းလဲသေးဘူးလို့ ဆိုထားပါတယ်။

တော့တင်ဟမ် ဟော့စပါးနဲ့ ရာသီကြို ခြေစမ်းပွဲမတိုင်ခင် ဆိုးလ်မြို့မှာ ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ နည်းပြ အက်ဒီဟောင်းကတော့ အပြောင်းအရွှေ့သတင်းတွေနဲ့ ပတ်သက်ပြီး မှတ်ချက်ပေးဖို့ ငြင်းဆန်ခဲ့ပါတယ်။ “ဘာတွေဖြစ်နေလဲဆိုတာ ကျွန်တော် သိပါတယ်။ ဒါပေမဲ့ ဒီကိစ္စကို ကျွန်တော် ကိုင်တွယ်နေတာ မဟုတ်ပါဘူး။ ဒီနေ့မနက် အိပ်ရာထ လေ့ကျင့်ရေးနှစ်ချိန် ဆင်းပြီး ဒီကို တန်းလာခဲ့တာပါ။ ဖြစ်ပြီးသွားမှသာ ကျွန်တော်က ပြန်သိနေရတာပါ။ ဒါပေမဲ့ အသင်းအတွက် အကောင်းဆုံးကို ယူဆောင်လာဖို့ ကြိုးစားသွားမှာဖြစ်ကြောင်းတော့ ရှင်းရှင်းလင်းလင်း ပြောချင်ပါတယ်။ ကစားသမားတစ်ဦးချင်းစီရဲ့ အကြောင်းကိုတော့ ကျွန်တော် ပြောလို့မရပါဘူး” လို့ သူက ဆိုပါတယ်။

Exit mobile version