MySport Myanmar

နူနက်ဇ်ကို အလိုရှိနေတဲ့ နယူးကာဆယ် ပက်သရစ်ရှစ်ခ်နဲ့ ကဲလ်ဗတ်လီဝင်တို့ကိုပါ ချိန်ရွှယ်နေ

ဒီရာသီမှာ ပရီးမီးယားလိဂ်ပြိုင်ပွဲကနေ တန်းမဆင်းသွားရအောင် အကောင်းဆုံး စွမ်းဆောင်နိုင်ခဲ့တဲ့ နယူးကာဆယ်ယူနိုက်တက်အသင်းဟာ လာမယ့်ဘောလုံးရာသီမှာ အတောင့်တင်းဆုံး ပုံစံဖြစ်နေစေဖို့အတွက် နွေစျေးကွက်ထဲ ကစားသမား ခေါ်ယူအားဖြည့်မှုတွေကို အသေအချာ လုပ်ဆောင်သွားဖို့ ရှိနေရာ တိုက်စစ်ပိုင်းအတွက် ဘင်ဖီကာအသင်းရဲ့ ဥရုဂွေး တိုက်စစ်ကစားသမားလေး ဒါဝင်နူနက်ဇ်ကို အမှန်အကန် စိတ်ဝင်စားလို့နေတယ်လို့ Mirror ကနေ ဖော်ပြလာခဲ့ပါတယ်။

Photo Credit : Forbes

ပြီးခဲ့တဲ့ ဇန်နဝါရီစျေးကွက်မှာပဲ ကစားသမား ခေါ်ယူမှု အမြောက်အများ လုပ်ဆောင်ခဲ့ပြီး အမှတ်ပေးဇယားအောက်ကနေ တန်းဆင်းဇုန်နဲ့ ဝေးရာကို ခုန်တတ်သွားနိုင်ခဲ့တဲ့ နယူးကာဆယ်အသင်းဟာ လာမယ့်ရာသီမှာတော့ ဥရောပဝင်ခွင့်တွေ ရရှိနိုင်ဖို့အတွက် ထိပ်တန်းကစားသမားတွေပါ ခေါ်ဆောင်သွားဖို့ ချိန်ရွှယ်လာခဲ့တာ ဖြစ်ပါတယ်။ လတ်တလောမှာတော့ တိုက်စစ်ပိုင်းအတွက် ဒီနှစ်ဘောလုံးရာသီအတွင်း အတော်လေးကို တောက်ပလို့နေတဲ့ ဘင်ဖီကာ တိုက်စစ်ကစားသမားလေး နူနက်ဇ်ကို နယူးကာဆယ်ဘက်က အလွန်စိတ်ဝင်စားနေပြီး အသင်းရဲ့ ကင်းထောက်တွေကို စေလွှတ်ကာ နူနက်ဇ်ရဲ့ ခြေစွမ်းပိုင်းတွေကို အသေအချာ လေ့လာစောင့်ကြည့်လျက် ရှိနေတယ်လို့ Mirror သတင်းစာကနေ ဖော်ပြထားပါတယ်။

Photo Credit : TEAMtalk

ဒါပေမယ့် နူနက်ဇ်ကို စိတ်ဝင်စားနေတဲ့ ကလပ်အသင်းက နယူးကာဆယ် တစ်သင်းတည်းသာ ရှိနေတာ မဟုတ်ပဲ ပရီးမီးယားလိဂ်မှာဆို မန်ချက်စတာယူနိုက်တက်အသင်း ဘွန်ဒစ်လီဂါမှာဆိုရင် ဘိုင်ယန်မြူးနစ်အသင်းတွေကပါ နူနက်ဇ်လို အသက်ငယ်ရွှယ်ပြီး တိုက်စစ်အရည်အသွေးကောင်းတွေ ကြွယ်ဝနေတဲ့ ကစားသမားကို ခေါ်ယူသွားဖို့ ဆန္ဒရှိနေကြပါတယ်။ နူနက်ဇ်ကိုယ်တိုင်ကလည်း ဘင်ဖီကာကနေ ထွက်ခွာမယ်ဆိုရင် ကလပ်အသင်းကြီးတွေကိုသာ ဦးစားပေး ရွေးချယ်သွားဖွယ် ရှိနေတဲ့အတွက် နယူးကာဆယ်က နူနက်ဇ်နဲ့ အဆင်မပြေခဲ့ဘူးဆိုရင် နောက်ထပ် တိုက်စစ်ကစားသမားတွေအဖြစ် အဲဗာတန်တိုက်စစ်မှူး ကဲလ်ဗတ်လီဝင်နဲ့ လေဗာကူဆင်တိုက်စစ်မှူး ပက်သရစ်ရှစ်ခ်တို့ကိုပါ ချိန်ရွှယ်ထားတာ ဖြစ်ပါတယ်။ ကဲလ်ဗတ်လီဝင်ရော ပက်သရစ်ရှစ်ခ်ရောဟာ အရပ်အမောင်း မြင့်မားလှတဲ့ တိုက်စစ်ကစားသမားတွေဖြစ်ပြီး လီဝင်ကတော့ အဲဗာတန်ကနေ သေချာပေါက် ထွက်ခွာသွားဖို့ အခြေအနေများနေပေမယ့် သူ့ကို အာဆင်နယ်အသင်းကပါ ခေါ်ယူချင်နေတာဖြစ်လို့ နယူးကာဆယ်အနေနဲ့ လီဝင်အတွက် အပြိုင်ကမ်းလှမ်းရဖွယ် ရှိနေပါတယ်။

Exit mobile version