MySport Myanmar

အဲဗာတန် ကစားသမားလေး ဂေါ်ဒွန်ကို ကမ်းလှမ်းမှုတွေ ပြုလုပ်လာခဲ့တဲ့ နယူးကာဆယ်

ဒီရက်ပိုင်းမှာအတွင်းမှာပဲ ချယ်လ်ဆီးအသင်းနဲ့ အပြောင်းအရွေ့သတင်းတွေ ပြန်လည် ထွက်ပေါ်လာခဲ့တဲ့ အဲဗာတန် လူငယ် တောင်ပံကစားသမားလေး အန်တိုနီဂေါ်ဒွန်ကို ချယ်လ်ဆီးထက် နယူးကာဆယ်အသင်းက လက်ဦးမှု ရယူသွားဖို့ အခြေအနေကောင်းနေပြီး ကနဦး ကမ်းလှမ်းချက်တွေပါ လုပ်ဆောင်လာခဲ့တယ်လို့ သိရပါတယ်။

Photo Credit : Sports Mole

အသက်(၂၁)နှစ်အရွယ်သာ ရှိနေသေးတဲ့ အဲဗာတန် အကယ်ဒမီထွက် ကစားသမားလေး ဂေါ်ဒွန်ဟာ ၂၀၂၀ခုနှစ်မှာပဲ အဲဗာတန် စီနီယာအသင်းအတွက် စတင် ပွဲထွက်ခွင့် ရရှိခဲ့သူဖြစ်ပြီး ပြီးခဲ့တဲ့ ဘောလုံးရာသီမှာ အဲဗာတန်အတွက် ပရီးမီးယားလိဂ်ပွဲပေါင်း (၃၅)ပွဲအထိကို ပါဝင်နိုင်ခဲ့ရသလို (၄)ဂိုးလည်း သွင်းယူနိုင်ခဲ့ပါတယ်။ အဲဗာတန်အတွက် စွမ်းဆောင်ရည်ကောင်းတွေ ပြသထားနိုင်ခဲ့တဲ့ ဂေါ်ဒွန်ကို ပရီးမီးယားလိဂ် ထိပ်သီးအသင်းတွေက စိတ်ဝင်စားလာခဲ့ပြီး အဲ့ဒီအသင်းတွေထဲမှာ ချယ်လ်ဆီးနဲ့ နယူးကာဆယ်တို့လည်း ပါဝင်လာခဲ့ပါတယ်။

Photo Credit : Sky Sports

ဘယ်တောင်ပံ ကစားသမားလေး ဂေါ်ဒွန်ဟာ ဒီရာသီမှာ အဲဗာတန်အတွက် ပြိုင်ပွဲစုံ (၁၈)ပွဲ ကစားထားပြီး သွင်းဂိုး(၃)ဂိုး သွင်းယူထားပေမယ့် လက်ရှိ အသင်းက အဆိုးရွားဆုံး အခြေအနေမှာ ရောက်ရှိနေရပြီး နည်းပြလမ်းပတ်ကို ထုတ်ပယ်ထားတဲ့အပြင် အသင်းပိုင်ရှင်တွေက အသင်းကို ရောင်းထုတ်ဖို့အထိ စီစဥ်လာခဲ့ပါတယ်။ ဒီလို အခြေအနေတွေအတွင်းမှာပဲ ပရီးမီးယားလိဂ် အသင်းတချို့နဲ့ သတင်းထွက်လာခဲ့တဲ့ ဂေါ်ဒွန်နဲ့ အိုနာနာတို့ပါ အသင်းရဲ့ လေ့ကျင့်ခန်း အစီအစဥ်တွေကို ပျက်ကွက်လာတာကြောင့် ဒီကစားသမားနှစ်ယောက်ရဲ့ အနာဂတ်က ပိုပြီးတော့ကို လှုပ်ခတ်လာခဲ့ရပါတယ်။ လတ်တလောမှာ ဂေါ်ဒွန်ကို ချယ်လ်ဆီး နယူးကာဆယ်တို့က စိတ်ဝင်စားနေကြတာ ဆိုပေမယ့် ချယ်လ်ဆီးက ဒီဈေးကွက်ထဲမှာ ကစားမား ခေါ်ယူမှုတွေ အများကြီး လုပ်ဆောင်ထားသလို ဂေါ်ဒွန်နဲ့ ကစားတဲ့နေရာချင်း ဆင်တူတဲ့ ကစားသမားလည်း ပိုများနေတာကြောင့် နယူးကာဆယ်အတွက် တစ်ပန်းသာသွားခဲ့ရပါတယ်။ အခုလည်း နယူးကာဆယ်ဟာ ဂေါ်ဒွန်ကို အရ ခေါ်ယူသွားနိုင်ဖို့အတွက် ကမ်းလှမ်းမှုတစ်ခုနဲ့အတူ တွန်းအားပေး လုပ်ဆောင်လျက် ရှိနေတာဖြစ်လို့ မကြာခင်မှာပဲ ဒီကစားသမားလေးရဲ့ အနာဂတ်က အပြောင်းအလဲ ဖြစ်လာနိုင်ဖွယ် ရှိနေရပါတယ်။

Exit mobile version