MySport Myanmar

ဘာစီလိုနာပစ်မှတ် ဗာရယ်လာကို နယူးကာဆယ်က ကမ်းလှမ်းမှု စတင် ပြုလုပ်

အာဂျင်တီးနား ထိပ်သီးကလပ် ဘိုကာဂျူနီယာအသင်းရဲ့ လူငယ် ကွင်းလယ် ကစားသမားလေး အလန်ဗာရယ်လာကို နယူးကာဆယ်ယူနိုက်တက်အသင်းကနေ ပြောင်းရွှေ့ကြေး ပေါင်(၁၆)သန်းနဲ့ ကမ်းလှမ်းမှုတစ်ရပ် ပြုလုပ်လာခဲ့တယ်လို့ စပိန်သတင်းစာ SPORT က ဖော်ပြလာခဲ့ပါတယ်။

Photo Credit : Forbes

အသက်(၂၁)နှစ်အရွယ်သာ ရှိနေသေးတဲ့ လူငယ်ကြယ်ပွင့် ကွင်းလယ်ခံစစ် ကစားသမားလေး ဗာရယ်လာကို ဥရောပထိပ်တန်း ကလပ်အသင်းတွေ စိတ်ဝင်စားနေကြပြီး ဘာစီလိုနာအသင်းဟာလည်း အသင်းရဲ့ ဝါရင့် ကစားသမားကြီး ဘူးစကတ်စ်နေရာမှာ အစားထိုးဖို့အတွက် ဗာရယ်လာကို မျက်စိကျနေပါတယ်။ ဒါပေမယ့် နယူးကာဆယ်အသင်းက ဘာစီလိုနာထက် လက်ဦးမှု ရယူနိုင်ဖို့အတွက် ဗာရယ်လာကို ပေါင်(၁၆)သန်းနဲ့ ကမ်းလှမ်းမှုတွေ စတင် ပြုလုပ်လာခဲ့ပြီး အသင်းဆီ အရ ခေါ်ဆောင်နိုင်ဖို့အတွက်လည်း စီစဉ်နေပါတယ်။

Photo Credit : Youtube

တကယ်တော့ ဗာရယ်လာဟာ အာဂျင်တီးနားနိုင်ငံ ဗျူနိုအေးရိစ့်မြို့မှာ ဖွင့်လှစ်ထားတဲ့ ဘာစီလိုနာ ဘောလုံးပညာကျောင်းမှာ တတ်ရောက် သင်ကြားထားခဲ့သူလည်း ဖြစ်တာကြောင့် သူ့ကို ဘာစီလိုနာဘက်က ခေါ်ယူသွားဖို့ ပစ်မှတ်ထားနေတာ ဖြစ်ပေမယ့်လည်း နယူးကာဆယ်က ဗာရယ်လာကို ဘာစီလိုနာ မကမ်းလှမ်းခင်မှာ အလျင်အမြန် ကမ်းလှမ်းမှု ပြုလုပ်လာခဲ့တာ ဖြစ်ပါတယ်။ ဗာရယ်လာဟာ ဒီနှစ်ဘောလုံးရာသီအတွင်း ဘိုကာဂျူနီယာအသင်းအတွက် (၂၆)ပွဲ ပါဝင်ထားခဲ့ရပြီး အဲ့ဒီထဲကမှ (၂၁)ပွဲကို ပွဲထွက်ကစားသမားအဖြစ် ကစားထားခဲ့ရပါတယ်။ ဘိုကာဂျူနီယာအသင်းအတွက် ပြိုင်ပွဲစုံပွဲပေါင်း (၇၆)ပွဲအထိ ကစားထားနိုင်တဲ့ ဗာရယ်လာဟာ အာဂျင်တီးနား ယူ-၂၀အသင်းအတွက်ကိုလည်း (၂)ပွဲ ပါဝင်ထားခဲ့ပါတယ်။ ကွင်းလယ်ဗဟိုနဲ့ ကွင်းလယ်ခံစစ်နေရာတွေမှာ ကစားတတ်သူ ဗာရယ်လာဟာ ဘိုကာဂျူနီယာအသင်းနဲ့ ၂၀၂၆ခုနှစ်အထိ စာချုပ်သက်တမ်း ကျန်ရှိနေသေးပေမယ့် အခုလို ဥရောပကလပ်အသင်းတွေရဲ့ စိတ်ဝင်စားမှု ကမ်းလှမ်းမှုတွေကိုပါ ရရှိနေတာကြောင့် မကြာခင်မှာပဲ အသင်း အပြောင်းအလဲ လုပ်ဆောင်ရနိုင်ဖွယ် ရှိနေပါတယ်။

Exit mobile version