ဒီနှစ်နွေစျေးကွက်ရဲ့အစပိုင်းလောက်မှာပဲ လီဗာပူးလ်အသင်းနဲ့ အပြောင်းအရွှေ့သတင်းတွေ ထွက်ပေါ်ခဲ့တဲ့ နော်ရစ်ချ်စီးတီးနောက်ခံအစွန်ကစားသမားလေး ဂျာမာလူးဝစ်ဟာ အခုဆိုရင် နယူးကာဆဲလ်ယူနိုက်တက်အသင်းကို ပြောင်းရွှေ့ကစားဖို့ သေချာသွားခဲ့ပြီဖြစ်ပြီး ပြောင်းရွှေ့ကြေး ပေါင်(၁၅)သန်း(အပိုဆုကြေးအပါအဝင်) ကမ်းလှမ်းချက်ကို နောရစ်ချ်ဘက်ကလည်း သဘောတူညီခဲ့တာကြောင့် လူးဝစ်အနေနဲ့ ဒီတစ်ပတ်အတွင်းမှာပဲ နယူးကာဆဲလ်အသင်းနဲ့ ဆေးစစ်မှုတွေ လုပ်ဆောင်သွားရဖွယ် ရှိနေပါတယ်။

Photo Credit : Planet Football

အသက်(၂၂)နှစ်အရွှယ်ရှိ အိုင်ယာလန်ဘယ်နောက်ခံကစားသမား ဂျာမာလူးဝစ်ဟာ ပြီးခဲ့တဲ့ရာသီကမှ နော်ရစ်ချ်စီးတီးအသင်းနဲ့အတူ ပရီးမီးယားလိဂ်ပြိုင်ပွဲဆီကို ပထမဆုံးအကြိမ် ရောက်ရှိလာခဲ့တာဖြစ်ပြီးတော့ သူရဲ့ ခြေစွမ်းပိုင်းထက်မြက်မှုတွေကိုလည်း ပြသနိုင်ခဲ့ပါတယ်။ ဒါကြောင့်လည်း လူးဝစ်ကို လီဗာပူးလ်နဲ့ စပါးတို့လို ပရီးမီးယားလိဂ် ထိပ်တန်းကလပ်အသင်းတွေကပါ စိတ်ဝင်စားလာခဲ့ရတာဖြစ်ပြီး လီဗာပူးလ်ဆိုရင်လည်း လူးဝစ်အတွက် ကမ်းလှမ်းမှုတွေကိုပါ လုပ်ဆောင်ခဲ့ပါသေးတယ်။ ဒါပေမယ့် လီဗာပူးလ်အသင်းဘက်ကကေန လူးဝစ်အတွက် ပြောင်းရွှေ့ကြေးကို ပေါင်(၁၀)သန်းနဲ့သာ ကမ်းလှမ်းခဲ့လို့ နော်ရစ်ချ်ဘက်ကနေ ငြင်းဆန်ပယ်ချခဲ့တာဖြစ်ပါတယ်။

Photo Credit : Sky Sports

ဒီလို လီဗာပူးလ်အသင်းနဲ့ အပြောင်းအရွှေ့မဖြစ်ပေါ်ခဲ့တဲ့ လူးဝစ်ကို နယူးကာဆဲလ်အသင်းဘက်ကနေ ကမ်းလှမ်းမှုတွေ စတင်ပြုလုပ်လာခဲ့ရာ အခုဆိုရင် ခေါ်ယူနိုင်ဖို့က အဆင်ပြေသွားခဲ့ပြီဖြစ်ပြီး မကြာခင်မှာပဲ နယူးကာဆဲလ်အသင်းနဲ့ ဆေးစစ်မှုတွေကိုပါ ပြုလုပ်လာတော့မှာဖြစ်ပါတယ်။ နယူးကာဆဲလ်အသင်းကလည်း စပါးကနေ အငှားနဲ့ ခေါ်ယူထားခဲ့တဲ့ ဘယ်နောက်ခံကစားသမား ဒန်နီရိုစ့်ကို အပြီးသတ်မခေါ်ယူနိုင်ခဲ့တာကြောင့် အသင်းရဲ့ဘယ်ခြမ်းခံစစ်နေရာအတွက် အခုလို ဂျာမယ်လူးဝစ်နဲ့ အစားထိုးဖြည့်တင်းသွားဖို့ စီစဉ်လာခဲ့ရတာဖြစ်ပါတယ်။ လက်ရှိမှာတော့ နယူးကာဆဲလ်အသင်းဟာ ကစားသမားသစ်တွေများစွာကို ခေါ်ယူသွားဖို့ စတင်ပြင်ဆင်လို့နေပြီဖြစ်ပြီး ဘုန်းမောက်အသင်းရဲ့တိုက်စစ်ကစားသမား ကော်လန်ဝီလ်ဆန်ကို ပေါင်သန်း(၂၀)နဲ့ ခေါ်ယူဖို့ နီးစပ်လျက်ရှိနေသလို Free Agent ဖြစ်နေတဲ့ ဘုန်းမောက်တောင်ပံကစားသမားဟောင်း ရိုင်ယန်ဖရေဆာကိုပါ ခေါ်ယူနိုင်တော့မှာဖြစ်ပါတယ်။ ဒါ့အပြင် အာဆင်နယ်အသင်းရဲ့ခံစစ်ကစားသမား ဟိုးဒင်းကိုလည်း တစ်ရာသီအငှားစာချုပ်နဲ့ ခေါ်ယူသွားနိုင်ဖို့ ကြိုးပမ်းလျက်ရှိနေတယ်လို့ သိရှိရပါတယ်။