ဇန်နဝါရီလရဲ့ ဆောင်းရာသီ အပြောင်းအရွှေ့ စျေးကွက်အတွင်းမှာ အတော်လေးကို ခပ်သွက်သွက် လှုပ်ရှားလျက် ရှိနေတဲ့ နယူးကာဆယ်ယူနိုက်တက်အသင်းဟာ နောက်ထပ် ကစားသမား ခေါ်ယူမှုအဖြစ် ရီးယဲလ်မက်ဒရစ်အသင်းရဲ့ ဘယ်လ်ဂျီယံ တိုက်စစ်ကစားသမား အီဒင်ဟာဇက်ကို ခေါ်ယူဖို့ ယူရိုသန်း(၄၀)နဲ့ ကမ်းလှမ်းခဲ့ပေမယ့်လည်း ရီးယဲလ်ဘက်ကတော့ ဒီကမ်းလှမ်းချက်ကို ငြင်းဆန်ပယ်ချသွားခဲ့တယ်လို့ El Nacional ကနေ ဖော်ပြသွားခဲ့ပါတယ်။
Photo Credit : The Sun
ပိုင်ရှင်အပြောင်းအလဲ ဖြစ်ပြီးနောက်ပိုင်းကတည်းက ကမ္ဘာ့အချမ်းသာဆုံး ကလပ်အသင်း တစ်သင်းအဖြစ် သတ်မှတ်ခံလာရတဲ့ နယူးကာဆယ်အသင်းဟာ အခု ဆောင်းစျေးကွက်ထဲမှာ ထရစ်ပီယာနဲ့ ခရစ္စဝုဒ်တို့ကို ခေါ်ယူထားခဲ့ပေမယ့် အသင်းရဲ့ ရလဒ်ပိုင်းတွေ မတိုးတတ်လာသေးသလို အသင်းရဲ့ ကစားပုံကလည်း မျှော်လင့်ထားသလောက် မကောင်းမွန်သေးတာကြောင့် နောက်ထပ် ကစားသမားသစ်တွေ ထပ်မံခေါ်ယူသွားဖို့ ပြင်ဆင်လာခဲ့တာ ဖြစ်ပါတယ်။ လတ်တလောမှာ ကစားသမားများစွာနဲ့ သတင်းတွေ ထွက်နေတဲ့ နယူးကာဆယ်အသင်းဟာ ပရီးမီးယားလိဂ်ရဲ့ကစားသမားဟောင်းတစ်ဦးဖြစ်တဲ့ ဟာဇက်ကိုပါ ကမ်းလှမ်းမှုတွေ ပြုလုပ်ခဲ့သေးပြီး ဒီကမ်းလှမ်းမှုကိုတော့ ရီးယဲလ်ဘက်ကနေ ပယ်ချခဲ့တယ်လို့ စပိန်မီဒီယာတစ်ခုက ဖော်ပြလာခဲ့ပါတယ်။
Photo Credit : SPORTbible
နယူးကာဆယ်အသင်းဟာ ချယ်လ်ဆီးကစားသမားဟောင်း ဟာဇက်အတွက် ပြောင်းရွှေ့ကြေး ယူရိုသန်း(၄၀) (ပေါင်(၃၃)သန်း)နဲ့ ကမ်းလှမ်းခဲ့တာ ဖြစ်ပေမယ့်လည်း ရီးယဲလ်ဘက်ကတော့ သူတို့ကစားသမားအတွက် ပြောင်းရွှေ့ကြေး ယူရိုသန်း(၅၀)အထိ အလိုရှိနေတာ ဖြစ်တဲ့အပြင် ရီးယဲလ်ကနေ ထွက်ခွာဖွယ် ရှိနေတဲ့ ဟာဇက်ကလည်း နယူးကာဆယ်အသင်းထက် သူရဲ့အသင်းဟောင်းဖြစ်တဲ့ ချယ်လ်ဆီးကိုသာ ပြန်လည်ပြောင်းရွှေ့ချင်နေတယ်လို့ သိရှိရပါတယ်။ အသက်(၃၁)နှစ်အရွှယ်ရှိ ဘယ်လ်ဂျီယံလက်ရွေးစင် တိုက်စစ်ကစားသမား ဟာဇက်ဟာ ရီးယဲလ်အသင်းမှာ အတော်လေးကို ရုန်းကန်နေပြီး မကြာသေးခင်ကမှ ဆော်ဒီအာရေဗျနိုင်ငံမှာ ကျင်းပခဲ့တဲ့ စပိန်စူပါဖလားပြိုင်ပွဲရဲ့ ဆီမီးဖိုင်နယ်နဲ့ ဖိုင်နယ်ပွဲစဉ်တွေမှာပါ အသင်းအတွက် လုံးဝကို ပါဝင်ကစားခွင့် မရရှိခဲ့လို့ အသင်းရဲ့ ဆုဖလားကိုင်မြှောက် အောင်ပွဲခံနေချိန်မှာပါ မရွှင်မပျနဲ့ မှိုင်တွေနေခဲ့ရပါတယ်။ လတ်တလောမှာတော့ ဟာဇက်ကို သူရဲ့အသင်းဟောင်း တစ်သင်းဖြစ်တဲ့ လီဂူးကလပ် လိုင်လီအသင်းကလည်း ပြန်လည်ခေါ်ယူချင်နေပြီး နယူးကာဆယ်အသင်းကလည်း ဟာဇက်ကို ပရီးမီးယားလိဂ်ပြိုင်ပွဲဆီ ပြန်လည်ခေါ်ဆောင်ချင်နေပါတယ်။