ငွေကြေးကြွယ်ဝ ချမ်းသာမှု များစွာရှိလို့နေတဲ့ ဆော်ဒီတော်ဝင်မိသားစုရဲ့ ကျောထောက်နောက်ခံ ရရှိလို့ထားတဲ့ ဆော်ဒီအာရေဗျ ပြည်သူပိုင် ရင်းနှီးမြှပ်နှံမှု လုပ်ငန်းစုကြီးက သူတို့အရမ်းကို ဝယ်ယူချင်နေတဲ့ ပရီးမီးယားလိဂ် ကလပ်အသင်း နယူးကာဆဲလ်ယူနိုက်တက်ကို အပြီးသတ် ဝယ်ယူနိုင်ဖို့် နီးစပ်နေချိန်မှာ နယူးကာဆဲလ်အသင်း ပရိသတ်တွေက သူတို့အသင်းအနေနဲ့ ပိုင်ရှင်သစ်ရဲ့ လက်အောက်မှာ ပြင်သစ်ကြယ်ပွင့် ကစားသမား ကီလီယန်အမ်ဘာပေကိုပါ ခေါ်ယူနိုင်တော့မယ်ဆိုပြီး နောက်ပြောင်ကျီစယ်မှုတွေကို လုပ်ဆောင်လာခဲ့ပါ့တယ်။

Photo Credit : The Sun

ဆော်ဒီအာရေဗျ ပြည်သူပိုင် ရင်းနှီးမြှပ်နှံမှု အဖွဲ့အစည်းဟာ နယူးကာဆဲလ်အသင်းနဲ့ သတင်းတွေ စတင်ထွက်ပေါ်ချိန်ကတည်းက နာမည်ကျော် နည်းပြတစ်ဦးကို ခန့်အပ်သွားပြီး ထိပ်တန်းကစားသမားတွေအတွက် ငွေကြေးများစွာ အသုံးပြုသွားကာ ခေါ်ယူသွားမယ်ဆိုတဲ့ သတင်းတွေပါ ပူးတွဲထွက်ပေါ်လာခဲ့ပါတယ်။ အခုတစ်ကြိမ်မှာလည်း နယူးကာဆဲလ်အသင်းနဲ့ ဆော်ဒီလုပ်ငန်းစုတို့ရဲ့ သတင်းတွေ ထွက်ပေါ်လာခဲ့ပြီး အသင်းဝယ်ယူမှုကလည်း ဖြစ်ပေါ်လာဖို့ နီးစပ်နေချိန်မှာ နယူးကာဆဲလ် ပရိသတ်တွေက သူတို့အသင်းအနေနဲ့ ဘာပေလို ကြယ်ပွင့်ကစားသမားတွေကို ခေါ်ယူသွားနိုင်တော့မယ်လို့ နောင်ပြောင်ကျီစယ်မှုတွေ ရေးသားပြောဆိုလာကြပါတယ်။

Photo Credit : The Sun

နယူးကာဆဲလ်အသင်း ပရိသတ်တွေက “ဘာပေအနေနဲ့ နယူးကာဆဲလ်အသင်းက အခုလို ဆော်ဒီသူဌေးတွေရဲ့ ဝယ်ယူမှု ဖြစ်လာမှာကို သိရှိထားလို့ ပီအက်စ်ဂျီအသင်းနဲ့ စာချုပ်သက်တမ်းတိုးမှုကို ရပ်ဆိုင်းထားတာ” “ဘာပေကို နယူးကာဆဲလ်ယူနိုက်တက်အသင်းမှာ မြင်တွေ့ရတော့မယ်” “ဘာပေက ကျွန်တော် နယူးကာဆဲလ်အသင်းကို ချစ်မြတ်နိုးပြီးသားပါ။ ကျွန်တော် ငယ်ငယ်လေးကတည်းက ဘင်အာဖာ နယူးကာဆဲလ်မှာ ပါဝင်ကစားနေတာကို ကြည့်ပြီး အရွှယ်ရောက်လာတာပါဆိုတဲ့ ပြောစကားတွေ ကြားရတော့မယ်” အစရှိတဲ့ နောက်ပြောင်ထားတဲ့ စကားလုံးတွေကို လူမှုကွန်ယက်တွေပေါ်မှာ ရေးသားဖော်ပြလာကြပါတယ်။ နယူးကာဆဲလ်အသင်းဟာ လက်ရှိအချိန်မှာ ပရီးမီးယားလိဂ်ပြိုင်ပွဲအတွင်း (၇)ပွဲ ကစားထားပြီးနောက် နိုင်ပွဲတစ်ပွဲမှကို မရရှိထားသေးပဲ သရေ(၃)ပွဲ ရှုံးပွဲ(၄)ပွဲနဲ့ အမှတ်ပေးဇယားရဲ့ အဆင့်(၁၉)နေရာမှာ ရပ်တည်နေရပြီး ရုန်းကန်လျက် ရှိနေရပါတယ်။ နယူးကာဆဲလ်ဟာ ဒီနှစ်ရဲ့ နွေစျေးကွက်အတွင်းမှာလည်း အာဆင်နယ် ကစားသမားလေး ဝီလော့ခ်တစ်ဦးတည်းကိုသာ ပေါင်(၂၉)သန်းဝန်းကျင်နဲ့ ခေါ်ယူထားနိုင်ခဲ့ပါတယ်။