ပိုင်ရှင်သစ်လက်အောက်မှာ ငွေကြေးသုံးစွဲမှု များစွာပြုလုပ်သွားဖွယ်ရှိတဲ့ နယူးကာဆယ်ယူနိုက်တက်အသင်းဟာ လတ်တလောမှာ ဘိုင်ယန်မြူးနစ်အသင်းရဲ့ နောက်ခံကစားသမားဖြစ်သူ နီကလပ်စ်ဇူလာနဲ့ ဘိုင်ယန်ကစားသမားဟောင်းဖြစ်ပြီး လက်ရှိ ဘာစီလိုနာအသင်းမှာ ပါဝင်ကစားလို့နေတဲ့ ဖီးလစ်ကော်တင်ဟိုတို့ကို ခေါ်ယူသွားဖို့အတွက် ပစ်မှတ်ထားနေလျက် ရှိတယ်လို့ သိရှိရပါတယ်။

Photo Credit : The Sun

ဘီလီယံကျပ်ငွေပေါင်းများစွာ ကြွယ်ဝချမ်းသာတဲ့ ဆော်ဒီအိမ်ရှေ့မင်းသား ဦးဆောင်နေတဲ့ လုပ်ငန်းစုကြီးနဲ့ လက်တွဲဖြစ်သွားခဲ့တဲ့ နယူးကာဆယ်အသင်းဟာ လာမယ့် ဆောင်းရာသီ အပြောင်းအရွှေ့စျေးကွက်အတွင်းမှာပဲ အသင်းအတွက် အင်အားဖြည့်တင်းမှုတွေကို ငွေကြေးများစွာ အသုံးပြုပြီး ခေါ်ဆောင်ဖွယ် ရှိနေသလို လက်ရှိမှာလည်း ထိပ်တန်းကစားသမားတချို့နဲ့ပါ သတင်းထွက်လျက် ရှိနေပါတယ်။ လတ်တလောမှာတော့ နယူးကာဆယ်အသင်းဟာ ဘိုင်ယန်နောက်ခံလူ ဇူလာ ဘာစီလိုနာ တိုက်စစ်ကစားသမား ကော်တင်ဟိုတို့ကို အလိုရှိနေပြီး ခေါ်ယူသွားဖို့ စိတ်ဝင်စားနေတယ်လို့ ဂျာမန်သတင်းစာ Blid ကနေ ဖော်ပြလာခဲ့ပါတယ်။

Photo Credit : The Sun

အသက်(၂၆)နှစ်အရွှယ်ရှိ ဂျာမနီနောက်ခံကစားသမား ဇူလာက ဘိုင်ယန်မြူးနစ်အသင်းနဲ့ စာချုပ်သက်တမ်း လပိုင်းလောက်သာ ကျန်ရှိနေတော့တာဖြစ်ပြီး သက်တမ်းတိုးဖို့ ကြန့်ကြာနေတဲ့ အခြေအနေကြောင့် အခုလို နယူးကာဆယ်ဘက်ကနေ ပစ်မှတ်ထားလာခဲ့ရတာ ဖြစ်ပါတယ်။ ဒါ့အပြင် နယူးကာဆယ်အသင်းဟာ ဘာစီလိုနာအသင်းမှာ ရုန်းကန်နေရတဲ့ ပရီးမီးယားလိဂ် ကစားသမားဟောင်းတစ်ဦးဖြစ်တဲ့ ကော်တင်ဟိုကိုလည်း အလိုရှိနေပြီး လာမယ့် ဆောင်းစျေးကွက်အတွင်းမှာပဲ ကမ်းလှမ်းမှု ပြုလုပ်ဖွယ် ရှိနေတယ်လို့ Blid မီဒီယာကနေ ဖော်ပြထားပါတယ်။ ဒီကစားသမား(၂)ယောက်အပြင် နယူးကာဆယ်ဟာ ချယ်လ်ဆီးအသင်းရဲ့ ဂျာမနီလက်ရွေးစင် တိုက်စစ်ကစားသမား တီမိုဗာနာကိုလည်း အသင်းဆီ ခေါ်ဆောင်သွားချင်နေသလို လက်ရှိ အသင်းရဲ့နည်းပြ စတိဗ်ဘရုစ်ရဲ့နေရာမှာလည်း ထိပ်တန်းအသင်းနည်းပြ တစ်ဦးဦးနဲ့ အစားထိုးသွားချင်နေတယ်လို့ သိရပါတယ်။ ဒီတစ်ပတ်မှာတော့ နယူးကာဆယ်ဟာ စပါးအသင်းနဲ့ ပရီးမီးယားလိဂ်ပွဲစဉ်ကို ဆင်နွဲသွားရမှာ ဖြစ်ပါတယ်။