MySport Myanmar

ဘာစီလိုနာနဲ့ လမ်းခွဲရနိုင်တဲ့ တောရက်စ်ကို နယူးကာဆယ် စိတ်ဝင်စားနေ

လာမယ့်နွေမှာ ဘာစီလိုနာအသင်းကနေ ရောင်းချသွားနိုင်တဲ့ ဖာရန်းတောရက်စ်ကို နယူးကာဆယ်ယူနိုက်တက်အသင်းက ပရီးမီးယားလိဂ်ပြိုင်ပွဲဆီ ပြန်လည် ခေါ်ဆောင်သွားဖို့အတွက် စိတ်ဝင်စားနေတယ်လို့ သိရှိရပါတယ်။

Photo Credit : Twitter

ဘာစီလိုနာအသင်းဟာ အသင်းရဲ့ အဓိက ကစားသမားကြီးတွေဖြစ်သော ဆာဂျီယိုဘူးစကတ်စ် နဲ့ ယော်ဒီအယ်လ်ဘာတို့ကို အသင်းကနေ လက်လွတ်ထားလိုက်ပြီဖြစ်လို့ အသင်း ဘဏ္ဍာရေးပိုင်းမှာ ပေါင် သန်း(၄၀)လောက်အထိ တတ်ရိပ်ပြလာခဲ့ပေမယ့်လည်း FFP စည်းမျဉ်းကနေ လွတ်ကင်းဖို့အတွက် နောက်ထပ် ပေါင် သန်း(၁၆၀)လောက်အထိ ဝင်ငွေရှိလာဖို့ လိုနေသေးတဲ့အတွက် အသင်းက ကစားသမားတချို့ကို မဖြစ်မနေ ရောင်းထုတ်ရနိုင်ပါတယ်။ ဒီလို အသင်းဘက်က ရှင်းထုတ်နိုင်ဖွယ်ရှိတဲ့ ကစားသမားတွေထဲမှာလည်း ဖာရန်းတောရက်စ်ပါ ပါဝင်လာရဖို့ ရှိနေပါတယ်။

Photo Credit : Football Espana

မန်စီးတီးအသင်းနဲ့ ပရီးမီးယားလိဂ်မှာ ကျင်လည်ခဲ့ဖူးတဲ့ တောရက်စ်ဟာ လက်ရှိမှာ အသက် (၂၃)နှစ်သာ ရှိနေသေးပြီး ၂၀၂၂ခုနှစ် ဆောင်းဈေးကွက်ကမှ စီးတီးကနေ ဘာစီလိုနာအသင်းဆီ ပြောင်းရွှေ့ထားခဲ့တာ ဖြစ်ပါတယ်။ လက်ရှိမှာတော့ စပိန် လက်ရွေးစင် ကစားသမားဟာ ဘာစီလိုနာမှာ တစ်ရာသီခွဲသာ ဖြတ်သန်းထားရချိန် အသင်းနဲ့ လမ်းခွဲရဖို့ အကြောင်းဖန်လာခဲ့ရပါတယ်။ ဒီလို အခြေအနေ ရှိနေတဲ့ တောရက်စ်ကို လာမယ့်နွေမှာ ကစားသမား အင်အား ဖြည့်တင်းမှုကြီးတွေ လုပ်ဆောင်သွားမယ့် နယူးကာဆယ်အသင်းက စိတ်ဝင်စားလာခဲ့ပြီး တခြားသော ပရီးမီးယားလိဂ် ကလပ်အသင်းတွေကလည်း တောရက်စ် အခြေအနေကို စောင့်ကြည့်လာခဲ့ပါတယ်။

ဘာစီလိုနာကတော့ သူတို့ရဲ့ ဘဏ္ဍာရေး အခြေအနေတွေ တည်ငြိမ်မှု ရှိအောင်နဲ့ အသင်းရဲ့ icon player ကြီး လီယွန်နယ်မက်ဆီကို ပြန်လည် ခေါ်ယူနိုင်ဖို့အတွက် အသင်းရဲ့ ကစားသမားတွေကို ရှင်းလင်းသွားဖို့ ဆန္ဒရှိနေပြီး တောရက်စ် အပါအဝင် အန်စုဖာတီ နဲ့ ရာဖင်ညာတို့ကိုပါ နွေဈေးကွက်အတွင်းမှာပဲ ရောင်းထုတ်သွားနိုင်ဖွယ် ရှိနေပါတယ်။

Exit mobile version