ဆော်ဒီရင်းနှီးမြှပ်နှံမှုကုမ္မဏီနဲ့ လက်တွဲဖြစ်ခဲ့တဲ့ ပရီးမီးယားလိဂ် ကလပ်အသင်း နယူးကာဆယ်ယူနိုက်တက်ဟာ လာမယ့် ဆောင်းရာသီ အပြောင်းအရွှေ့စျေးကွက်အတွင်းမှာပဲ အသင်းအတွက် ကစားသမားသစ် ခေါ်ယူမှုတွေကို စတင်လုပ်ဆောင်ဖွယ် ရှိလို့နေပြီး အသင်းရဲ့ ပစ်မှတ်တွေထဲမှာ ပီအက်စ်ဂျီအသင်းရဲ့ တိုက်စစ်ကစားသမား မာရိုအီကာဒီပါ ပါဝင်နေခဲ့တယ်လို့ အီတလီအခြေစိုက် Calcio Mercato ကနေ ဖော်ပြလာခဲ့ပါတယ်။

Photo Credit : CaughtOffside

ပြီးခဲ့တဲ့ ကြာသပတေးနေ့မှာပဲ အသင်းအရောင်းအဝယ် အထမြောက်ခဲ့ရတဲ့ နယူးကာဆယ်အသင်းဟာ ပိုင်ရှင်အပြောင်းအလဲ ဖြစ်ပြီးတဲ့နောက်ပိုင်းမှာပဲ အသင်းနည်းပြများစွာ ထိပ်တန်းကစားသမားများစွာနဲ့ အပြောင်းအရွှေ့သတင်းတွေ အတော်လေးကို ထွက်ပေါ်လာခဲ့ရပြီး နောက်ဆုံးကစားထားခဲ့တဲ့ ပရီးမီးယားလိဂ် (၄)ပွဲဆက်တိုက် တစ်ပွဲမှာ သွင်းဂိုးတစ်ဂိုးစီသာ သွင်းယူထားနိုင်တဲ့ တိုက်စစ်ပိုင်းကို အင်အားဖြည့်ဖို့အတွက် ပီအက်စ်ဂျီအသင်းရဲ့ အာဂျင်တီးနား တိုက်စစ်ကစားသမား အီကာဒီကိုပါ ပစ်မှတ်ထားလာခဲ့တာ ဖြစ်ပါတယ်။

Photo Credit : Wi9ja

အသက်(၂၈)နှစ်အရွှယ်ရှိ အင်တာမီလန် တိုက်စစ်မှူးဟောင်း အီကာဒီဟာ ပီအက်စ်ဂျီအသင်းမှာ ပုံမှန်နေရာရဖို့ ရုန်းကန်နေရသူဖြစ်ပြီး အသင်းရဲ့တိုက်စစ်မှာ မက်ဆီ နေမာ ဘာပေတို့နောက် အရန်ကစားသမားအဖြစ်နဲ့သာ ပါဝင်ကစားနေရသူ ဖြစ်ပါတယ်။ ဒီနှစ်ဘောလုံးရာသီအတွင်း ပီအက်စ်ဂျီအသင်းရဲ့ လီဂူးဝမ်းပွဲစဉ်(၉)ပွဲမှာ (၄)ပွဲကိုသာ ပွဲထွက်ကစားသမားအဖြစ် ပါဝင်ထားရပြီး ချန်ပီယံလိဂ်မှာလည်း လူစားဝင်အဖြစ်နဲ့သာ ပါဝင်ထားခဲ့ရတဲ့ အီကာဒီဟာ ပုံမှန်နေရာ ရရှိဖို့အတွက် ပီအက်စ်ဂျီအသင်းကနေ ထွက်ခွာသွားချင်နေတာကြောင့် သူ့ကို စီးရီးအေ ထိပ်သီးကလပ်တွေအပြင် ဆော်ဒီပိုင်ရှင်သစ်နဲ့ လက်တွဲသွားခဲ့တဲ့ နယူးကာဆယ်အသင်းကပါ စိတ်ဝင်စားလာခဲ့ပါတယ်။ နယူးကာဆယ်အသင်းဟာ တိုက်စစ်ပိုင်းကို ပိုမိုတောင့်တင်းလာစေဖို့အတွက် အီကာဒီအပြင် ယူနိုက်တက်ရဲ့ တိုက်စစ်ကစားသမားတွေဖြစ်တဲ့ မာစီယဲလ် လင်ဂတ်နဲ့ လီဗာပူးလ်အသင်းနဲ့ ပရီးမီးယားလိဂ်မှာ ကျင်လည်ခဲ့ဖူးတဲ့ ဘရာဇီးလ် ကစားသမား ဖီးလစ်ကော်တင်ဟိုတို့ကိုလည်း ခေါ်ယူသွားဖို့အတွက် ပစ်မှတ်ထားနေလျက် ရှိပါတယ်။