ဆော်ဒီရင်းနှီးမြှပ်နှံမှုကုမ္မဏီ (PIE)ဟာ ပရီးမီးယားလိဂ် ကလပ်အသင်း တစ်သင်းဖြစ်တဲ့ နယူးကာဆဲလ်ယူနိုက်တက်အသင်းရဲ့ ရှယ်ယာ(၈၀%)ကို ပေါင်(၃၀၅)သန်းနဲ့ ဝယ်ယူမှု ပြီးစီးသွားချိန်မှာ ဆော်ဒီလုပ်ငန်းရှင်များက အသင်းကို အင်အားကြီး ကလပ်အသင်း တစ်သင်းဖြစ်လာအောင် တည်ဆောက်သွားဖို့ စီစဉ်လျက်ရှိနေသလို လတ်တလောမှာလည်း မန်ချက်စတာယူနိုက်တက်အသင်းရဲ့ ကစားသမား(၄)ယောက်နဲ့ပါ အပြောင်းအရွှေ့သတင်းတွေ ထွက်ပေါ်လာခဲ့ပါတယ်။

Photo Credit : Daily Express

ဆော်ဒီလုပ်ငန်းရှင်များဟာ ယမန်နှစ်ကတည်းက နယူးကာဆဲလ်အသင်းကို လွဲပြောင်းဝယ်ယူဖို့ ကြိုးပမ်းခဲ့ပေမယ့်လည်း ဆော်ဒီနိုင်ငံရဲ့ နိုင်ငံရေးဆိုင်ရာ အရှုပ်အထွေးတွေနဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေကြောင့် အသင်းဝယ်ယူမှုကို ပရီးမီးယားလိဂ်အဖွဲ့ချုပ်ကလည်း အသိအမှတ်ပြုပေးဖို့ ငြင်းဆန်ခဲ့တာ ဖြစ်ပါတယ်။ ဒါပေမယ့်လည်း နယူးကာဆဲလ် ပိုင်ရှင်ဟောင်းဖြစ်သူ မိုက်အက်ရှ်လေက အသင်းကို ရောင်းချရေး အစီအစဉ်ကို ဆက်လက်လုပ်ဆောင်ခဲ့တာကြောင့် နောက်ဆုံးမှာ အဆင်ပြေသွားခဲ့ပြီး ကြာသပတေးနေ့မှာ အရောင်းအဝယ်ကို အပြီးသတ်နိုင်ခဲ့တာ ဖြစ်ပါတယ်။

Photo Credit : Daily Express

အခုလည်း ပိုင်ရှင်သစ်လက်အောက်ကို ရောက်ရှိသွားခဲ့တဲ့ နယူးကာဆဲလ်အသင်းဟာ လာမယ့် ဆောင်းရာသီ စျေးကွက်အတွင်းမှာပဲ ယူနို်က်တက်အသင်းရဲ့ ကစားသမား(၄)ယောက်ကို ခေါ်ယူသွားဖို့ အစီအစဉ် ရှိနေတယ်လို့ ဗြိတိန်သတင်းမီဒီယာ Daily Express ကနေ ဖော်ပြလာခဲ့ပါတယ်။ နယူးကာဆဲလ်ဟာ ယူနိုက်တက်ရဲ့ တိုက်စစ်ကစားသမား အန်တိုနီမာစီယဲလ်ကို အသင်းရဲ့ အဓိကပစ်မှတ်အဖြစ် သတ်မှတ်ထားလျက်ရှိနေသလို ယူနိုက်တက်ရဲ့ခံစစ်မှာ နေရာပျောက်ဆုံးလို့နေတဲ့ နောက်ခံလု ဘိုင်လီ အသင်းမှာ ပုံမှန်နေရာရဖို့ ခက််ခဲနေတဲ့ ဂျက်ဆီလင်ဂတ်နဲ့ ဒွန်နီဗန်ဒယ်ဘိခ်တို့ကို အလိုရှိနေတာ ဖြစ်ပါတယ်။ ဒီကစားသမားတွေအားလုံးက ယူနိုက်တက်နဲ့ လက်တွဲဖြုတ်ဖွယ် ရှိလို့နေတဲ့ ကစားသမားတွေ ဖြစ်နေတာကြောင့် နယူးကာဆဲလ်ရဲ့ ကြိုးပမ်းမှုက ဘယ်လောက်အထိ အလုပ်ဖြစ်လာနိုင်မလဲဆိုတာ စိတ်ဝင်စားဖို့ ကောင်းနေပါတယ်။ ဒါ့အပြင် နယူးကာဆဲလ်အသင်းဟာ လက်ရှိနည်းပြ စတိဗ်ဘရုစ်ရဲ့နေရာမှာလည်း ချယ်လ်ဆီးနဲ့ အင်တာနည်းပြဟောင်း အန်တိုနီယိုကွန်တီကိုပါ အစားထိုး ခန့်အပ်သွားချင်နေတယ်လို့ သိရှိရပါတယ်။