မကြာသေးခင်ကမှ ပိုင်ရှင်သစ် အပြောင်းအလဲ ဖြစ်ထားတဲ့ နယူးကာဆယ်အသင်း ကတော့ ယခုနှစ် ဘောလုံးရာသီ အကုန်မှာ ဘာစီလိုနာအသင်းနဲ့ စာချုပ်သက်တမ်း ကုန်ဆုံးတော့မယ့် ပြင်သစ် လက်ရွေးစင် တောင်ပံကစားသမား ဒမ်ဘီလီကို ခေါ်ယူဖို့ ချိတ်ဆက်မှုတွေ ပြုလုပ်နေကြောင်း သိရပါတယ်။

နယူးကာဆယ်အသင်းဟာ ဆော်ဒီအာရေဗျ ပြည်သူပိုင် ရင်းနှီးမြှုပ်နှံမှု အဖွဲ့အစည်းရဲ့ လက်အောက်ကို ရောက်ခဲ့ပြီးနောက် နယူးကာဆယ်အသင်းရဲ့ တာဝန်ရှိသူတွေက အသင်းကို ၅နှစ် အတွင်း ဥရောပရဲ့ အသင်းကြီး တသင်း ဖြစ်လာအောင် တည်ဆောက်ဖို့ ရည်ရွယ်ထားပြီး ကြယ်ပွင့် ကစားသမား အများစုကိုလည်း ခေါ်ယူဖို့ ချိတ်ဆက်မှုတွေ ပြုလုပ်နေပါတယ်။

Photo Credit: 90 Mins

လက်ရှိမှာတော့ နယူးကာဆယ်အသင်းဟာ တန်ကြေးမြင့် ကစားသမားတွေထက် ယခုနှစ် ဘောလုံးရာသီ အကုန်မှာ အလွတ် ပြောင်းရွှေ့ကြေးနဲ့ ခေါ်ယူနိုင်မယ့် ကစားသမားတွေကို ခေါ်ယူနိုင်ဖို့ စတင် ချိတ်ဆက်နေပြီး ဘာစီလိုနာအသင်းနဲ့ စာချုပ်သစ် ချုပ်ဆိုဖို့ သဘောတူညီမှု မရသေးတဲ့ ပြင်သစ် လက်ရွေးစင် တောင်ပံ ကစားသမား ဒမ်ဘီလီကို သူတို့အသင်းရဲ့ နံပါတ်တစ် ပစ်မှတ် အဖြစ် သတ်မှတ်ထားကြောင်း သိရပါတယ်။

အသက် ၂၄နှစ် အရွယ် ပြင်သစ် တောင်ပံ ကစားသမား ဒမ်ဘီလီဟာ တချိန်က ကမ္ဘာ့အကောင်းဆုံး လူငယ် ကစားသမား အဖြစ် သတ်မှတ်ခံခဲ့ရသူ ဖြစ်ပြီး ဒေါ့မွန်အသင်း ကနေ ဘာစီလိုနာအသင်းထံ ရောက်ရှိချိန်မှာ ဒဏ်ရာပြဿနာ များစွာနဲ့ ကြုံတွေ့ခဲ့ရတာကြောင့် ပုံမှန် ခြေစွမ်းကောင်းတွေ ပြသနိုင်ခြင်း မရှိပေမယ့် သူ့ရဲ့ ပင်ကိုယ်ခြေစွမ်း ကတော့ အတော်လေးကို ကောင်းမွန်နေပါသေးတယ်။

Photo Credit: 90 Mins

နာမည်ကြီး သတင်းဌာန တခု ဖြစ်တဲ့ Goal သတင်းဌာနရဲ့ ဖော်ပြချက်အရ နယူးကာဆယ်အသင်းဟာ ဒမ်ဘီလီကို ခေါ်ယူဖို့ အတွက် သူ့ရဲ့ အေးဂျင့်ဖြစ်သူနဲ့ တရားဝင် ဆွေးနွေးမှုတွေ စတင် ပြုလုပ်နေပြီး ဒမ်ဘီလီရဲ့ နံပါတ်တစ် ဦးတည်ချက်ဟာ ဘာစီလိုနာအသင်းမှာ ဆက်လက် ရှိနေဖို့ ဖြစ်ပေမယ့် ဘာစီလိုနာအသင်းနဲ့ စာချုပ်သစ် ချုပ်ဆိုဖြစ်ပါက လုပ်ခလစာ များစွာ လျှော့ယူရဖို့ ရှိနေတာကြောင့် လုပ်ခလစာ များများစားစား ရမယ့် နယူးကာဆယ်အသင်းဆီ ပြောင်းရွှေ့ဖို့ စိတ်ဝင်စားနေကြောင်း သိရပါတယ်။