နယူးကာဆယ် ယူနိုက်တက်အသင်းဟာ ရီးယဲလ် မက်ဒရစ်နဲ့ စပိန်အသင်းတို့ရဲ့ ကစားသမားဟောင်းကြီးဖြစ်သူ ဝါရင့် ခံစစ်မှူးကြီး ဆာဂျီယို ရာမို့စ်ကို ကာလတို စာချုပ်တစ်ရပ်နဲ့ ခေါ်ယူသွားဖို့ စဉ်းစားလျက် ရှိနေတယ်လို့ စပိန်သတင်းမီဒီယာ Fichajes ကနေ ဖော်ပြလာခဲ့ပါတယ်။

အသက် (၃၈)နှစ်အရွယ် စပိန် ဗဟိုခံစစ်ကစားသမားကြီး ရာမို့စ်က ပြီးခဲ့တဲ့နွေမှာ ဆီဗီလာအသင်းနဲ့ စာချုပ်သက်တမ်း ကုန်ဆုံးပြီးနောက်ပိုင်း အခုထိ ကလပ်အသင်းလက်မဲ့ ဖြစ်နေရပါတယ်။ ရာမို့စ်လို အတွေ့အကြုံ ရင့်ကျက်နေတဲ့ ကစားသမားတစ်ဦးကို ခေါ်ယူချင်တဲ့ ကလပ်အသင်းတွေ ရှိနေပေမယ့်လည်း အသင်းတိုင်းက ရာမို့စ်ရဲ့ fitness အခြေအနေကို စိုးရိမ်နေကြပါတယ်။

Photo Credit : Transfermarket

ဒါကြောင့် ခံစစ်ကစားသမား လိုအပ်ချက် ရှိနေတဲ့ ရီးယဲလ် မက်ဒရစ်အသင်းတောင်မှ သူတို့ရဲ့ အသင်းခေါင်းဆောင်ဟောင်း ရာမို့စ်ကို ကာလတို ခေါ်ယူလို့ ရနိုင်တဲ့ အခြေအနေမျိုး ရှိခဲ့ပေမယ့်လည်း ရာမို့ရဲ့ ကြံခိုင်မှုအပိုင်းကို စိတ်မချရတဲ့အတွက် ခေါ်ယူဖို့ကို ငြင်းဆန်သွားခဲ့ပါတယ်။

ရီးယဲလ်ဆီ ပြန်သွားဖို့ အခွင့်အရေး မရလိုက်တဲ့ ရာမို့စ်ဟာ ဘရာဇီးလ် ကလပ်တွေနဲ့ အီဂျစ်ကလပ်တွေအထိ သတင်းတွေ ဆက်တိုက် ထွက်ပေါ်ခဲ့သလို သူ့အသင်းဖော်ဟောင်း ရော်နယ်လ်ဒိုကလည်း အယ်လ်နာဆာအသင်းဆီ လာရောက်ကစားဖို့ ဖိတ်ခေါ်ခဲ့သေးတယ်ဆိုတဲ့ သတင်းတွေပါ ထွက်ခဲ့ပါတယ်။

Photo Credit : Eurosport

အခုတော့ ရာမို့စ်ဟာ ကစားသမားဘဝမှာ တစ်ခါမှ မကစားဖူးသေးတဲ့ ပရီးမီးယားလိဂ်ပြိုင်ပွဲကြီးမှာ ပါဝင်ကစားရမယ့် အခွင့်အရေးနဲ့ပါ ကြုံတွေ့နေပါတယ်။ ရာမို့စ်ကို ပရီးမီးယားလိဂ်ရဲ့ အချမ်းသာဆုံး ကလပ်အသင်း တစ်သင်းဖြစ်တဲ့ နယူးကာဆယ်က အလွတ်ပြောင်းရွှေ့့ကြေး ကာလတိုစာချုပ်တို့နဲ့ ခေါ်ယူသွားဖို့ စိတ်ဝင်စားနေပါတယ်။

လက်ရှိ နယူးကာဆယ်ရဲ့ ခံစစ်မှာ အသင်းခေါင်းဆောင် လက်ဆဲလ် ကယ်လ်လီ ဒန်ဘန်း ဖာဘီယန်ရှားတို့ ရှိနေပေမယ့် ခံစစ်ပိုင်း ပိုမို အင်အားတောင့်တင်းဖို့နဲ့ ရာမို့စ်လို ခေါင်းဆောင်ပိုင်းမှာပါ ကောင်းမွန်တဲ့ ခံစစ်မှူးတစ်ဦးကို အသင်းခံစစ်ပိုင်းအတွက် ဖြည့်တင်းသွားချင်နေတာ ဖြစ်ပါတယ်။ ဒါပေမယ့် ရာမို့စ်က ဒီနောက်ပိုင်း သူနဲ့သတင်းထွက်နေတဲ့ အသင်းတိုင်းနဲ့ အပြောင်းအရွှေ့က တကယ် မဖြစ်လာခဲ့လို့ အခု နယူးကာဆယ်နဲ့ သတင်းထွက်နေခြင်းကိုလည်း စောင့်ကြည့်သွားရပါမယ်။