မကြာသေးမီကမှ ပိုင်ရှင် အပြောင်းအလဲ ဖြစ်မှုနဲ့ အတူ ပရီးမီးယားလိဂ်ပြိုင်ပွဲမှာ ယခင်ကလို အောင်မြင်မှုပေါင်း များစွာ ပြန်လည် ရယူနိုင်ဖို့ တာစူနေတဲ့ နယူးကာဆယ်အသင်း ကတော့ စပိန်လာလီဂါ အင်အားကြီးကလပ် အက်သလက်တီကို မက်ဒရစ်အသင်းရဲ့ အင်္ဂလန် လက်ရွေးစင် ညာနောက်ခံလူ ထရစ်ပီယာကို ခေါ်ယူနိုင်ဖို့ နီးစပ်နေကြောင်း ယုံကြည် စိတ်ချရတဲ့ သတင်းရင်းမြစ်တွေက ဆိုပါတယ်။

ယခုနှစ် ဘောလုံးရာသီမှာ လူအင်အား နည်းပါးမှုကြောင့် ရလဒ်ကောင်းတွေ ရယူနိုင်ဖို့ ရုန်းကန်နေရတဲ့ နယူးကာဆယ်အသင်းဟာ အသင်းပိုင်ရှင်သစ် ဆော်ဒီတော်ဝင်မိသားစုရဲ့ ထောက်ပံ့မှုနဲ့အတူ လာမယ့် ဇန်နဝါရီလ အပြောင်းအရွှေ့မှာ ကစားသမားသစ်တွေကို ခေါ်ယူပြီး အသင်းကို အားဖြည့်ဖို့ စီစဉ်နေတဲ့ အသင်းတသင်းပါ။

Photo Credit: Mirror

အသက် ၃၁နှစ် အရွယ် အင်္ဂလန် လက်ရွေးစင် ညာနောက်ခံလူ ထရစ်ပီယာဟာ ဘန်လေ ၊ စပါး စတဲ့ ပရီးမီးယားလိဂ် အသင်းတွေမှာ ကစားခဲ့ဖူးတာကြောင့် ပရီးမီးယားလိဂ် အတွေ့အကြုံရင့် နောက်ခံလူ တဦး ဖြစ်ပြီး ခြေစွမ်းကလည်း ထိပ်တန်းအဆင့် တရပ်မှာ ရှိပါတယ်။

ဒါကြောင့်ပဲ ထရစ်ပီယာကို ပရီးမီးယားလိဂ် အင်အားကြီးအသင်း တသင်း ဖြစ်တဲ့ မန်ချက်စတာ ယူနိုက်တက် အသင်းက ခေါ်ယူဖို့ စိတ်ဝင်စားခဲ့ဖူးတာ ဖြစ်ပြီး လက်ရှိမှာတော့ နယူးကာဆယ်အသင်းက ထရစ်ပီယာကို ခေါ်ယူဖို့ သူ့ရဲ့ အေးဂျင့်နဲ့ရော ၊ အက်သလက်တီကို မက်ဒရစ်အသင်းနဲ့ပါ တရားဝင် ဆွေးနွေးမှုတွေ ပြုလုပ်နေပါပြီ။

Photo Credit: Mirror

အက်သလက်တီကို မက်ဒရစ်အသင်းရဲ့ နည်းပြဖြစ်သူ ဆီမြွန်နီကလည်း ထရစ်ပီယာ အတွက် ကမ်းလှမ်းမှုတွေ ရရှိထားကြောင်း အတည်ပြုပေးထားပြီး ထရစ်ပီယာကို ရောင်းချမလား ၊ ဒါမှမဟုတ် အသင်းမှာပဲ ဆက်ထားမလား ဆိုတာ ကတော့ ထရစ်ပီယာရဲ့ ဆုံးဖြတ်ချက် အပေါ်သာ မူတည်ကြောင်း ပြောကြားထားပါတယ်။

နာမည်ကြီး စပိန်အခြေစိုက် သတင်းဌာန တခု ဖြစ်တဲ့ Marca သတင်းဌာနရဲ့ ဖော်ပြချက်အရ နယူးကာဆယ် အသင်းဟာ ထရစ်ပီယာ အတွက် ပြောင်းရွှေ့ကြေး ယူရို ၂၀သန်း ပေးချေမယ်လို့ အက်သလက်တီကို မက်ဒရစ် အသင်းထံ ကမ်းလှမ်းထားသလို ထရစ်ပီယာကိုလည်း ၃နှစ် သက်တမ်း ရှိတဲ့ စာချုပ်တရပ် ချုပ်ဆိုရန် သဘောတူညီမှု ရရှိဖို့ နီးစပ်နေကြောင်း သိရပါတယ်။