မကြာသေးမီကမှ ဆော်ဒီ တော်ဝင်မိသားစုရဲ့ ဝယ်ယူခြင်းကို ခံထားရတဲ့ ပရီးမီးယားလိဂ် နာမည်ကြီးကလပ် နယူးကာဆယ်ဟာ မန်ချက်စတာ ယူနိုက်တက်မှာ ပုံမှန် ပွဲထွက်ခွင့် ရဖို့ ရုန်းကန်နေရတဲ့ ဂိုးသမား ဟန်ဒါဆန်ကို တရာသီအငှားနဲ့ ခေါ်ယူဖို့ နီးစပ်နေကြောင်း မန်ချက်စတာမြို့ အခြေစိုက် သတင်းဌာနတွေက အခိုင်အမာ ဖော်ပြသွားကြပါတယ်။

အသက် ၂၅နှစ် အရွယ် အင်္ဂလန် ဂိုးသမား ဒင်းဟန်ဒါဆန်ဟာ ထိပ်တန်း ဂိုးသမား တဦး ဖြစ်လာနိုင်တဲ့ လက်စွမ်းကို ပိုင်ဆိုင်ထားသူ ဖြစ်ပြီး ပရီးမီးယားလိဂ်ပြိုင်ပွဲမှာလည်း ရှက်ဖီးလ် ယူနိုက်တက်နဲ့ ကောင်းမွန်တဲ့ လက်စွမ်းကောင်း တရပ်ကို ထုတ်ပြနိုင်ခဲ့သူပါ။

Photo Credit: Talksports

ဒါကြောင့်ပဲ ဟန်ဒါဆန်က သူ့ရဲ့ မိခင်ကလပ် မန်ချက်စတာ ယူနိုက်တက်ရဲ့ နံပါတ်တစ် ဂိုးသမား နေရာကို အရယူဖို့ ပစ်မှတ်ထား ကြိုးပမ်းခဲ့ပေမယ့် မန်ချက်စတာ ယူနိုက်တက်မှာတော့ နံပါတ်တစ် ဂိုးသမား ဒီဂီယာကို မကျော်ဖြတ်နိုင်ပဲ အရန်ဂိုးသမား အဖြစ်သာ ရှိနေခဲ့ရပါတယ်။

လက်ရှိမှာတော့ နယူးကာဆယ် အပါအဝင် ပရီးမီးယားလိဂ် ကလပ်အသင်း အများစုက ဟန်ဒါဆန်ကို ခေါ်ယူဖို့ ပစ်မှတ်ထား ကြိုးပမ်းနေကြပြီး ဟန်ဒါဆန်ကလည်း လာမယ့် ဘောလုံးရာသီမှာ ပုံမှန် ပွဲထွက်ခွင့် ပေးပါ့မယ် ဆိုတဲ့ ကတိတခု မရရင် မန်ချက်စတာ ယူနိုက်တက်ကနေ ထွက်ခွာဖို့ ဆုံးဖြတ်ထားပါတယ်။

Photo Credit: Talksports

နာမည်ကြီး သတင်းဌာန တခု ဖြစ်တဲ့ မန်ချက်စတာ ညနေခင်း သတင်းဌာနရဲ့ ဖော်ပြချက်အရ နယူးကာဆယ်ရဲ့ တာဝန်ရှိသူတွေက မန်ချက်စတာ ယူနိုက်တက်ထံ ဆက်သွယ်ကာ ဟန်ဒါဆန်ကို ခေါ်ယူဖို့ တရားဝင် ဆွေးနွေးမှုတွေ စတင် ပြုလုပ်နေပြီး ဟန်ဒါဆန်ကို တရာသီအငှား + ရာသီကုန်ရင် ပေါင် ၄၀သန်းနဲ့ အပြီးသတ် ခေါ်ယူခွင့် ပါဝင်တဲ့ ကမ်းလှမ်းမှု တရပ်နဲ့ ကမ်းလှမ်းထားကြောင်း သိရပါတယ်။

မန်ချက်စတာ ယူနိုက်တက်ကတော့ ဟန်ဒါဆန်ကို တရာသီ အငှားချတာထက် အပြီးသတ် ရောင်းချဖို့သာ ပိုမို စိတ်ဝင်စားနေပြီး ဟန်ဒါဆန် အတွက် ပြောင်းရွှေ့ကြေး ပေါင်၄၀သန်း လိုချင်နေပေမယ့် နယူးကာဆယ်က သူတို့ရဲ့ ကမ်းလှမ်းမှုကို မပြောင်းလဲဖို့ အခွင့်အလမ်း များတာကြောင့် ဟန်ဒါဆန်ဟာ နယူးကာဆယ်ဆီ တရာသီ အငှားနဲ့သာ ပြောင်းရွှေ့ ကစားရဖွယ် ရှိကြောင်း နာမည်ကြီး သတင်းထောက် တဦး ဖြစ်သူ ခရစ် ဝီလ်လာက ဆိုပါတယ်။