မကြာသေးခင်ကမှ ပိုင်ရှင်အပြောင်းအလဲ ဖြစ်ပြီးတဲ့နောက် အသင်းရဲ့ရလဒ်တွေကို ပြန်လည်ကောင်းမွန်အောင် မစွမ်းဆောင်နိုင်တဲ့ နည်းပြစတိဗ်ဘရုစ်ကို လမ်းခွဲလိုက်တဲ့ နယူးကာဆယ်ယူနိုက်တက်အသင်းဟာ လတ်တလောမှာတော့ အာဆင်နယ်နည်းပြဟောင်း အူနိုင်းအမ်မရီကို ချိတ်ဆက်မှုတွေ ပြုလုပ်လျက် ရှိနေတယ်လို့ သတင်းတွေ အတော်လေးကို ထွက်ပေါ်လာခဲ့ပါတယ်။

Photo Credit : DP

လစ်လပ်လို့သွားတဲ့ အသင်းနည်းပြနေရာအတွက် ယခင်က အာဆင်နယ်အသင်းကို ကိုင်တွယ်ခဲ့ဖူးပြီး လက်ရှိဗီလာရီးယဲလ်အသင်းကို ကိုင်တွယ်လို့နေတဲ့ အူနိုင်းအမ်မရီကို နယူးကာဆယ်အသင်းဘက်ကနေ ဆက်သွယ်မှုတွေ ပြုလုပ်လာခဲ့ကြောင်း မနေ့ညနေပိုင်းလောက်ကပဲ သတင်းတွေ ထွက်ပေါ်လာခဲ့ပါတယ်။ နယူးကာဆယ်အသင်းဟာ ဒီနောက်ပိုင်း ရက်တွေအတွင်း ရိုးမားနည်းပြဟောင်း ဖွန်ဆီကာ ဘုန်းမောက်နည်းပြဟောင်း အက်ဒီဟောင်းတို့နဲ့ သတင်းတွေ ထွက်ပေါ်နေရာကနေ ရုတ်တရက် အမ်မရီနဲ့ သတင်းတွေ ထွက်ပေါ်လာခဲ့တာဖြစ်ပြီး ဗီလာရီးယဲလ်နဲ့ စာချုပ်သက်တမ်း ကျန်ရှိနေသေးတဲ့ အမ်မရီကို လျော်ကြေးစာချုပ်အတိုင်း ပေးချေပြီးပါ ကမ်းလှမ်းဖွယ် ရှိနေတယ်လို့ သတင်းတွေက ခိုင်ခိုင်မာမာ ဖော်ပြလာပါတယ်။

Photo Credit : 90Min

နယူးကာဆယ်အသင်းဟာ အသင်းကို ငွေကြေးပိုင်း ကြွယ်ဝလွန်းတဲ့ ပိုင်ရှင်အသစ်တွေရဲ့ လက်အောက်ကို ရောက်ရှိသွားကတည်းက အသင်းနည်းပြ အပြောင်းအလဲလုပ်မယ်လို့ သတင်းတွေ ထွက်ပေါ်ခဲ့တာဖြစ်ပြီး ဖရန့်လမ်းပတ် စတီဗင်ဂျရတ် လူစီယန်ဖာ ဖွန်ဆီကာ အက်ဒီဟောင်း နည်းပြဟောင်း ဘင်နီတက်ဇ်အပြင် မော်ရင်ဟိုနဲ့ပါ သတင်းထွက်ခဲ့ပါသေးတယ်။ ဒါပေမယ့် လက်ရှိမှာတော့ အမ်မရီနဲ့ အခိုင်အမာကို သတင်းထွက်လို့နေပြီး အမ်မရီအနေနဲ့ကလည်း ချန်ပီယံလိဂ်ပြိုင်ပွဲ ဆင်နွဲနေရတဲ့ လက်ရှိကလပ်ကို စွန့်လွတ်ပြီး တန်းဆင်းဇုန်အတွင်း ရုန်းကန်နေရတဲ့ ကလပ်အသင်းတစ်ခုစီ လွဲပြောင်းကိုင်တွယ်ပါ့မလားဆိုတာက စဉ်းစားစရာပါ။ ဒါကြောင့် နယူးကာဆယ်ဘက်က ပရီးမီးယားလိဂ်မှာ အတွေ့အကြုံ အနည်းငယ်ခန့် ရှိထားဖူးတဲ့ ဘုန်းမောက်နည်းပြဟောင်း အက်ဒီဟောင်းကိုပါ ချိတ်ဆက်ထားတာဖြစ်ပြီး အက်ဒီဟောင်းက အမ်မရီလောက် နည်းစနစ်ပိုင်း မကြွယ်ဝပေမယ့် လက်ရှိမှာ အသင်းလက်မဲ့ ဖြစ်နေတာကြောင့် နယူးကာဆယ်အတွက် နည်းပြသစ် ခန့်အပ်မှုအပိုင်းမှာ ပိုအဆင်ပြေနိုင်ဖွယ် ရှိနေပါတယ်။