ပရီးမီးယားလိဂ်ရဲ့ နာမည်ကြီးအသင်း တစ်သင်းဖြစ်တဲ့ နယူးကာဆယ်အသင်းဟာ ဘာစီလိုနာအသင်းကနေ ဘိုင်ယန်မြူးနစ် အသင်းထံကို အငှားနဲ့ သွားရောက် ကစားနေတဲ့ ဘရာဇီးလ်ကွင်းလယ်လူ ကော်တင်ဟိုကို ခေါ်ယူနိုင်ဖို့ အကောင်းဆုံး အနေအထား တစ်ခုမှာ ရှိနေတယ်လို့ ဥရောပအခြေစိုက် ဘောလုံးသတင်းဌာနတွေက ဖော်ပြသွားကြပါတယ်။ France Football သတင်းဌာနရဲ့ ဖော်ပြချက် အရ နယူးကာဆယ်အသင်းဟာ ကော်တင်ဟိုကို ခေါ်ယူနိုင်ဖို့အတွက် စတင် ဆွေးနွေးမှုတွေ လုပ်ဆောင်နေပြီလို့ သိရှိရပြီး အသင်းပိုင်ရှင် အလွှဲအပြောင်း ကာလပြီးတာနဲ့ ကော်တင်ဟို အတွက် ဘာစီလိုနာအသင်းထံကို ကမ်းလှမ်းမှုတွေ စတင်ပြုလုပ်သွားမယ်လို့ သိရပါတယ်။

Photo Credit: Daily  Star

လက်ရှိအချိန်မှာ နယူးကာဆယ်အသင်းဟာ အသင်းပိုင်ရှင် အပြောင်းအလဲ ဖြစ်ဖို့အတွက် တော်တော်လေး နီးစပ်နေတဲ့ အသင်းဖြစ်ပြီး ဆော်ဒီ အိမ်ရှေ့စံမင်းသား ဘင်ဆယ်လ်မန်ဟာ နယူးကာဆယ်အသင်းကို ဝယ်ယူဖို့အတွက် နယူးကာဆယ်အသင်းရဲ့ ပိုင်ရှင် မိုက်ကယ် အက်ရှလေထံကို ကမ်းလှမ်းမှုတွေ ပြုလုပ်ထားကာ မိုက်ကယ် အက်ရှလေဘက်ကလည်း နယူးကာဆယ်အသင်းကို ဘင်ဆယ်လ်မန်ထံ ရောင်းချဖို့အတွက် ဆန္ဒရှိနေပါတယ်။ ဒါ့ကြောင့် နယူးကာဆယ်အသင်းရဲ့ ပိုင်ရှင် လွှဲပြောင်းမှုဟာ ဗြိတိန်အစိုးရရဲ့ ခွင့်ပြုမှုကို ရရှိတာနဲ့ အတည် ဖြစ်သွားဖို့ နီးစပ်နေပြီး ဘင်ဆယ်လ်မန်ဟာ နယူးကာဆယ်အသင်းကို ပေါင် ၃၅၀သန်း ဝန်းကျင်နဲ့ ဝယ်ယူသွားမယ်လို့လည်း အင်္ဂလန် အခြေစိုက် သတင်းဌာနတွေရဲ့ အဆိုအရ သိရှိထားရပါတယ်။

Photo Credit: Daily  Star

အင်္ဂလန်အခြေစိုက် သတင်းဌာနတွေရဲ့ ဖော်ပြချက်အရတော့ ဘင်ဆယ်လ်မန်ဟာ နယူးကာဆယ်အသင်းကို ဝယ်ယူပြီးတာနဲ့ ပရီးမီးယားလိဂ်ရဲ့ နာမည်ကျော် နည်းပြဟောင်း တစ်ဦး ဖြစ်တဲ့ ပိုချက်တီနိုကို နည်းပြသစ်အဖြစ် ခန့်အပ်ကာ ကစားသမား အားဖြည့်မှုတွေကို အလုံးအရင်းနဲ့ လုပ်ဆောင်သွားဖွယ် ရှိတယ်လို့ သိရှိရပါတယ်။ France Football ရဲ့ သတင်း အရတော့ ကော်တင်ဟိုကို ခေါ်ယူရာမှာ နယူးကာဆယ်အသင်းဟာ ပြောင်းရွှေ့ကြေး ပေါင် ၈၀သန်း ဝန်းကျင်အထိ အသုံးပြုသွားဖို့ စီစဉ် ထားကြောင်း သိရကာ နယူးကာဆယ်အသင်းရဲ့ ကမ်းလှမ်းမှုကို ဘာစီလိုနာအသင်းကလည်း သဘောတူဖို့ နီးစပ်နေပြီ သိထားရပါတယ်။ အခုချိန်မှာတော့ ဥရောပရဲ့ ဘွတ်ကီဒိုင်တွေဟာ ကော်တင်ဟိုကို ခေါ်ယူနိုင်မယ့် အသင်းတွေကို လောင်းကြေးဖွင့်ရာမှာ နယူးကာဆယ်အသင်း ဟာ ထိပ်ဆုံးနေရာမှာ ရှိနေတယ်လို့လည်း လောင်းကြေးဖွင့် Websiteတွေက ဆိုထားကြပါတယ်။