လာမယ့်တနင်္ဂနွေနေ့ည စိန့်ဂျိမ်းပတ်ဘောလုံးကွင်းမှာတော့ နယူးကာဆဲလ်ယူနိုက်တက်နဲ့ မန်ချက်စတာစီးတီးအသင်းတို့က အက်အေဖလား ကွာတားဖိုင်နယ်ပွဲစဉ်အဖြစ် ယှဉ်ပြိုင်ကစားရတော့မှာဖြစ်ပါတယ်။ မန်စီးတီးက အက်အေဖလားပြိုင်ပွဲရဲ့ လက်ရှိချန်ပီယံဖြစ်နေပေမယ့် နယူးကာဆဲလ်က လတ်တလောမှာ ခြေစွမ်းပိုင်း ကောင်းမွန်လျက်ရှိနေပြီး ပရီးမီးယားလိဂ်မှာလည်း တန်းဆင်းဇုန်အန္တရာယ်နဲ့ ဝေးကွာနေပြီဖြစ်တာကြောင့် အက်အေဖလားကို အာရုံစိုက်လာနိုင်တာကြောင့် နယူးကာဆဲလ်က မန်စီးတီးအတွက် ခက်ခဲကောင်းခက်ခဲနိုင်ပါတယ်။

Photo Credit : World Sports Tale

နယူးကာဆဲလ်က မန်စီးတီးလို အသင်းကြီးမျိုးနဲ့ ရင်ဆိုင်ရမှာဖြစ်ပေမယ့်လည်း မန်စီးတီးကို အနိုင်မယူနိုင်စရာ အကြောင်းမရှိဘူးလို့ နယူးကာဆဲလ်အသင်းရဲ့ အသင်းခေါင်းဆောင် နောက်ခံကစားသမား ဂျာမဲလ်လက်ဆဲလက်စ်ပ ထုတ်ဖော်ပြောဆိုလာခဲ့ပါတယ်။ လက်ဆဲလက်စ်က “မန်စီးတီးမှာ တကယ့်ကို ကစားသမားကောင်းတွေ ရှိနေတယ်ဆိုပေမယ့်လည်း အဲ့ဒီကစားသမားတွေမှာလည်း အားနည်းချက်ကိုယ်စီ ရှိနေကြပါတယ်။ ကျွန်တော်တို့အသင်းမှာ အရပ်(၆)ပေ(၄)လက်မအထိရှိတဲ့ အန်ဒီကာရိုးလ်လို တိုက်စစ်မှူးတောင် အရန်မှာရှိနေပါတယ်။ ဒီကစားသမားက မန်စီးတီးခံစစ်ကို ပြာယာခတ်သွားနိုင်အောင် လုပ်နိုင်မှာပါ”

Photo Credit : World Top Buzz

“ဒါ့အပြင် အသင်းမှာ ဂျိုးလင်တန်လို အရပ်အမောင်းကောင်းတဲ့ တိုက်စစ်မှူးတွေလည်း ရှိနေပါသေးတယ်။ ပွဲတိုင်းလိုလိုမှာ ပြိုင်ဘက်အသင်းကို အနိုင်ယူနိုင်မယ့်နည်းလမ်းဆိုတာ အမြဲရှိနေတတ်တယ်။ ကောင်တာတိုက်စစ်ကြောင့်ပဲဖြစ်ဖြစ် ပြစ်ဒဏ်ဘောတွေကနေပဲဖြစ်ဖြစ် အနိုင်ယူနိုင်တာပဲလေ။ ဒါမှမဟုတ် ညဏ်နီညဏ်နက်သုံးပြီးလည်း အနိုင်ယူနိုင်တာပဲ။ ကျွန်တော်တို့မှာလည်း ဒီပွဲနဲ့ပတ်သက်ပြီး Game Plan တွေ ရှိနေပါတယ်။ သူတို့ဘက်က တိုက်စစ်အားကောင်းကောင်းနဲ့ ကျွန်တော်တို့ကို ကစားလာမှာဆိုတော့ ခံစစ်ပိုင်းကို အဓိကပြင်ဆင်လာရမှာပါ။ ကျွန်တော်တို့က သူတို့ရဲ့အားနည်းချက်ကိုလည်း သိရှိထားပြီးသားပါ။ ဆိုတော့ မန်စီးတီးကို အနိုင်ယူကျော်ဖြတ်ဆိုတာ မဖြစ်နိုင်စရာကို မရှိပါဘူး” လို့ ရှင်းလင်းပြောဆိုလာခဲ့ပါတယ်။ နယူးကာဆဲလ်ဟာ ဒီနှစ်ဘောလုံးရာသီအတွင်း မန်စီးတီးနဲ့ အိမ်ကွင်းမှာ ကစားခဲ့ရစဉ်တုန်းက တစ်ဖက်ကို (၂)ဂိုးစီ သရေကျအောင် ကစားထားနိုင်ခဲ့သလို ပြီးခဲ့တဲ့ရာသီ စိန့်ဂျိမ်းပတ်မှာ တွေ့ဆုံစဉ်တုန်းကလည်း ရွန်ဒွန် ရစ်ချီတို့ရဲ့ သွင်းဂိုးတွေနဲ့ (၂)ဂိုး(၁)ဂိုးနဲ့ အနိုင်ယူထားခဲ့ဖူးပါတယ်။