MySport Myanmar

ဇီယက်ရှ် အပါအဝင် ချယ်လ်ဆီး ကစားသမား(၃)ဦးကို နယူးကာဆယ် စိတ်ဝင်စား

နယူးကာဆယ်ယူနိုက်တက်ဒ်အသင်းဟာ ချယ်လ်ဆီးအသင်းရဲ့ ကစားသမားတွေဖြစ်တဲ့ ဟာကင်ဇီယက်ရှ် ကော်နာဂယ်လာဂါနဲ့ ရူဘင်လော့တပ်ချိဖ်တို့ကို ခေါ်ယူသွားဖို့ စိတ်ဝင်စားနေပြီး ချယ်လ်ဆီးအနေနဲ့ကလည်း ကစားသမားသစ်တွေ များစွာ ခေါ်ယူထားတာဖြစ်လို့ အသင်းက ကစားသမားတချို့ကိုလည်း ရောင်းထုတ်ရဖွယ် ရှိနေပါတယ်။

Photo Credit : The Sun

ချယ်လ်ဆီးအသင်းဟာ အခုနှစ်ရဲ့ နွေနဲ့ ဆောင်းဈေးကွက်တွေအတွင်း ကစားသမားသစ်တွေ တပြုံကြီးကို ခေါ်ယူထားခဲ့ပြီး အခုဆောင်းဈေးကွက်ထဲမှာလည်း ယူကရိန်းကြယ်ပွင့် တောင်ပံကစားသမား မာဒရစ်ခ်ကိုလည်း ပေါင်(၈၈)သန်းနဲ့ ခေါ်ယူထားခဲ့ပါတယ်။ ဈေးကွက်(၂)ခုလုံးမှာ ကစားသမားသစ်(၁၃)ယောက်တောင် ခေါ်ယူထားခဲ့တဲ့ ချယ်လ်ဆီးဟာ ကစားသမားတွေ ပြန်လည် ရောင်းထုတ်ဖို့လည်း လိုအပ်လာခဲ့ပါတယ်။ လက်ရှိမှာလည်း ချယ်လ်ဆီးအသင်းရဲ့ ကစားသမားတွေကို ပရီးမီးယားလိဂ်က ပြိုင်ဘက်အသင်း နယူးကာဆယ်က ခေါ်ယူသွားဖို့ စိတ်ဝင်စားလာခဲ့ပါတယ်။

Photo Credit : Chelsea FC

လက်ရှိမှာ ပရီးမီးယားလိဂ် အမှတ်ပေးဇယားရဲ့ အဆင့်(၃)နေရာထိ ရပ်တည်နေတဲ့ နယူးကာဆယ်အသင်းဟာ ရာသီအကုန်မှာ အဆင့်ရပ်တည်မှုကောင်းကောင်း ပိုင်ဆိုင်ရဖို့အတွက် ဆောင်းဈေးကွက်ထဲမှာ ကစားသမား အားဖြည့်မှုတွေ လုပ်ဆောင်ချင်နေပြီး ချယ်လ်ဆီးရဲ့ ကစားသမား(၃)ယောက်ကိုလည်း ပစ်မှတ်ထားလာခဲ့တယ်လို့ Telegraph Football ကနေ ထုတ်ပြန်လာခဲ့ပါတယ်။ နယူးကာဆယ် ခေါ်ယူချင်နေတဲ့ ချယ်လ်ဆီးကစားသမားတွေကတော့ မော်ရိုကိုလက်ရွေးစင် တောင်ပံကစားသမား ဇီယက်ရှ် ကွင်းလယ်လူ ဂယ်လာဂါနဲ့ လော့တပ်ချိဖ်တို့ပဲ ဖြစ်ပါတယ်။ လက်ရှိမှာ ချယ်လ်ဆီးရဲ့ ဒဏ်ရာပြသာနာတွေကြောင့် ဇီယက်ရှ်နဲ့ ဂယ်လာဂါတို့က အသင်းမှာ နေရာရနေကြပေမဲ့လည်း ချယ်လ်ဆီးက အခု ဈေးကွက်ထဲမှာ ကစားသမားသစ်တွေ ခေါ်ယူထားတာမို့ အနည်းဆုံးတော့ ဇီယက်ရှ်နဲ့ လော့တပ်ချိဖ်တို့ရဲ့ အနာဂတ်တွေက မရေမရာ ဖြစ်လာနိုင်ပါတယ်။ လတ်တလော ချယ်လ်ဆီးကွင်းလယ်မှာ ဒဏ်ရာရ ကစားသမား အရေအတွက်က များပြားနေတာကြောင့် ဂယ်လာဂါကိုတော့ အသင်းမှာပဲ ဆက်ထားရှိနိုင်ပြီး မာဒရစ်ခ် ဂျာအိုဖီးလစ်တို့ကြောင့် နေရာပျောက်လာနိုင်တဲ့ ဇီယက်ရှ်ကတော့ ချယ်လ်ဆီးနဲ့ လမ်းခွဲနိုင်သလို ကမ္ဘာ့ဖလားအပြီးကတည်းက ချယ်လ်ဆီးအတွက် မကစားရသေးတဲ့ လော့တပ်ချိဖ်လည်း အသင်းနဲ့ လက်တွဲဖြုတ်ရနိုင်ဖွယ် ရှိနိုင်ပါတယ်။

Exit mobile version