ပရီးမီးယားလိဂ် ကလပ်အသင်းတွေဖြစ်တဲ့ နယူးကာဆယ်ယူနိုက်တက်အသင်းနဲ့ အက်စတွန်ဗီလာအသင်းတို့ဟာ ချယ်လ်ဆီးကစားသမားဟောင်း ပရီးမီးယားလိဂ်ကြယ်ပွင့်ဟောင်း အီဒင်ဟာဇက်ကို လာမယ့် ဈေးကွက်အတွင်းမှာ ပြောင်းရွှေ့ကြေး ပေါင်(၁၇)သန်းနဲ့ ခေါ်ယူသွားဖို့အတွက် စိတ်ဝင်စားလျက် ရှိနေတယ်လို့ စပိန်သတင်းမီဒီယာ El Nacional ကနေ ဖော်ပြလာခဲ့ပါတယ်။

Chelsea pay tribute to Hazard

Photo Credit : Premier League

လက်ရှိမှာ အသက်(၃၁)နှစ်အရွယ်ကို ရောက်ရှိနေပြီဖြစ်တဲ့ ဘယ်လ်ဂျီယံ လက်ရွေးစင် တိုက်စစ်ကစားသမား ဟာဇက်ဟာ ချယ်လ်ဆီးအသင်းနဲ့အတူ အတော်လေးကို ထွန်းတောက်ခဲ့တဲ့ စူပါစတား ကစားသမားတစ်ဦးဖြစ်ပြီး လွန်ခဲ့တဲ့ ၂၀၁၉ခုနှစ်မှာပဲ ယူရိုသန်း(၁၅၀)ဝန်းကျင်နဲ့ ပြောင်းရွှေ့ဖြစ်ခဲ့ပါတယ်။ ဟာဇက်အတွက် တကယ့်ကို ကြီးမားတဲ့ အပြောင်းအရွှေ့တစ်ခု ဖြစ်ခဲ့ရပေမယ့်လည်း မက်ဒရစ်မှာ သူရဲ့ တောက်ပမှုတွေကို ပိုမို တောက်ပလာအောင် မလုပ်ဆောင်ပဲ ဒဏ်ရာပြသာနာများစွာနဲ့သာ လုံးပန်းနေခဲ့ရရင်းနဲ့ သူရဲ့ကစားသမားဘဝကို ဒုက္ခရောက်သွားခဲ့ရပါတယ်။

Photo Credit : Football Espana

ဟာဇက်က သူရဲ့ ရီးယဲလ်ကစားသမားဘဝ (၃)နှစ်ခွဲအတွင်းမှာ ဒဏ်ရာပြသာနာများစွာကြောင့် ရီးယဲလ်အသင်းရဲ့ ပွဲစဉ်ပေါင်း (၇၂)ပွဲအထိတောင်ပင် လွဲချော်ထားခဲ့ရပါတယ်။ ရီးယဲလ်နည်းပြ အန်စလော့တီကလည်း ဟာဇက်ကို အသင်းမှာ ပုံမှန်နေရာပေးဖို့ထက် အသင်းရဲ့ ကြယ်ပွင့်ကစားသမားလေးတွေဖြစ်တဲ့ ဗင်နီစီယပ်စ်နဲ့ ရိုဒရီဂိုတို့ကိုသာ နေရာပေးလာခဲ့ပါတယ်။ ဟာဇက်က ရီးယဲလ်မှာ နေရာရဖို့ မလွယ်ကူတော့တာကြောင့် လာမယ့် ဈေးကွက်တွေအတွင်း အသင်းကနေ ထွက်ခွာသွားဖွယ် ရှိနေသလို ရီးယဲလ်ဘက်ကလည်း တစ်ပတ်လုပ်ခ များစွာ ပေးချေနေရတဲ့ ဟာဇက်လို ကစားသမားတစ်ဦးကို ရောင်းထုတ်သွားချင်နေပါတယ်။ လက်ရှိမှာ ပုံမှန်ခြေစွမ်းမျိုးတောင် ပြသနိုင်ဖို့ ရုန်းကန်နေရတဲ့ ဟာဇက်ကို နယူးကာဆယ်နဲ့ ဗီလာအသင်းတွေက ပရီးမီးယားလိဂ်ပြိုင်ပွဲဆီ ပြန်လည် ခေါ်ဆောင်သွားဖို့ အပြိုင် စိတ်ဝင်စားနေကြပြီး ပြောင်းရွှေ့ကြေး ပေါင်(၁၇)သန်းနဲ့ ကမ်းလှမ်းဖွယ် ရှိနေပါတယ်။ ဟာဇက်ကို စိတ်ဝင်စားနေတဲ့ နယူးကာဆယ်က လက်ရှိမှာ ပရီးမီးယားလိဂ်ပြိုင်ပွဲအတွင်း top 4 ဝင်ခွင့်ရရှိနေသလို ဗီလာမှာလည်း ထိပ်တန်းနည်းပြတစ်ဦးဖြစ်တဲ့ အူနိုင်းအမ်မရီ ကိုင်တွယ်နေတာဖြစ်လို့ ဒီအသင်းတွေက ဟာဇက်အတွက် ရွေးချယ်ချင်စရာတွေ ဖြစ်လာနိုင်ပါတယ်။