MySport Myanmar

ကလပ်ရဲ့ စံချိန်တင် ပြောင်းရွှေ့ကြေးနဲ့ အိုင်ဆက်ကို ခေါ်ယူနိုင်တော့မယ့် နယူးကာဆယ်

ဆော်ဒီ တော်ဝင်မိသားစုရဲ့ ကျောထောက်နောက်ခံ ရထားတဲ့ နယူးကာဆယ်က သူတို့အသင်းရဲ့ တိုက်စစ်ပိုင်း အတွက် ရီးရဲလ် ဆိုစီဒက်ရဲ့ အဓိက တိုက်စစ်မှူး အလက်ဇန်းဒါး အိုင်ဆက်ကို ကလပ်ရဲ့ စံချိန်တင် ပြောင်းရွှေ့ကြေး တရပ်နဲ့ ခေါ်ယူနိုင်တော့မယ်လို့ ယုံကြည် စိတ်ချရတဲ့ သတင်းရင်းမြစ်တွေက အခိုင်အမာ ဖော်ပြသွားကြပါတယ်။

အသက် ၂၂နှစ် အရွယ် ဆွီဒင်လက်ရွေးစင် လူငယ်ကြယ်ပွင့် တိုက်စစ်မှူး အိုင်ဆက်က လက်ရှိ ကမ္ဘာ့အကောင်းဆုံး လူငယ် အထောင်တိုက်စစ်မှူးတွေထဲက တဦး ဖြစ်ပြီး သူ့ရဲ့ ဂိုးသွင်းစွမ်းရည်နဲ့ နေရာယူ ကောင်းမွန်မှုတို့ကြောင့် ကမ္ဘာ့အဆင့် တိုက်စစ်မှူး တဦး ဖြစ်လာနိုင်တဲ့ အလားအလာတွေကို ပိုင်ဆိုင်ထားသူပါ။

Photo Credit: Sport Bible

အိုင်ဆက်က ၂၀၁၉ခုနှစ်ကမှ ဒေါ့မွန်ကနေ ဆိုစီဒက်ထံ ပြောင်းရွှေ့ကြေး ယူရို ၁၅သန်းနဲ့ ပြောင်းရွှေ့လာသူ ဖြစ်ပြီး အိုင်ဆက်ဟာ ဒေါ့မွန်မှာ ပုံမှန် ပွဲထွက်ခွင့် မရခဲ့တာကြောင့် ခြေစွမ်းကောင်းတွေ ပြသနိုင်ဖို့ ရုန်းကန်ခဲ့ရပေမယ့် ဆိုစီဒက်ထံ ရောက်ရှိပြီးနောက် ပုံမှန် ပွဲထွက်ခွင့် ရရှိလာမှုနဲ့အတူ သူ့ရဲ့ အရည်အသွေးတွေကို ကောင်းကောင်းကြီး ပြသနိုင်ခဲ့ပါတယ်။

အိုင်ဆက်ဟာ ဆိုစီဒက်အတွက် ပြိုင်ပွဲစုံမှာ ၁၃၂ပွဲ ပါဝင် ကစားပေးခဲ့ရာ သွင်းဂိုး ၄၄ဂိုး သွင်းယူထားနိုင်ပြီး ဂိုးဖန်တီးမှု ၈ကြိမ် ပြုလုပ်နိုင်ခဲ့ကာ သူ့ရဲ့ ခြေစွမ်းကောင်းတွေကြောင့်ပဲ နယူးကာဆယ်က သူတို့ရဲ့ တိုက်စစ်ပိုင်း အတွက် ရေရှည် အားကိုးနိုင်မယ့် ကစားသမား အဖြစ် အိုင်ဆက်ကို သတ်မှတ်ပြီး ကလပ်ရဲ့ စံချိန်တင် ပြောင်းရွှေ့ကြေး ပေးချေကာ ခေါ်ယူဖို့ စီစဉ်ခဲ့တာပါ။

Photo Credit: Sport Bible

နာမည်ကြီး သတင်းဌာန တခု ဖြစ်တဲ့ The Athletic သတင်းဌာနရဲ့ ဖော်ပြချက်အရ နယူးကာဆယ်က အိုင်ဆက်ကို ခေါ်ယူဖို့ ယနေ့ညပိုင်းမှာပဲ ကစားသမားနဲ့ရော ၊ ဆိုစီဒက်နဲ့ပါ သဘောတူညီမှု ရရှိခဲ့ပြီး နယူးကာဆယ်က အိုင်ဆက် အတွက် အပိုဆုကြေးတွေ အပါအဝင် စုစုပေါင်း ပြောင်းရွှေ့ကြေး ပေါင် ၆၀သန်း ဝန်းကျင် ပေးချေရမယ်လို့ သိရပါတယ်။

Exit mobile version