ဆော်ဒီမိသားစုရဲ့ ဝယ်ယူမှုကို ခံခဲ့ရပြီးနောက် ပရီးမီးယားလိဂ်ပြိုင်ပွဲမှာ တကျော့ပြန် အောင်မြင်မှုတွေ ပြန်လည် ရယူဖို့ အစွမ်းကုန် ကြိုးပမ်းနေတဲ့ နယူးကာဆယ်က ရာသီသစ်အတွက် ပထမဦးဆုံး ကစားသမား ခေါ်ယူမှု အဖြစ် ပြင်သစ်လီဂူးဝမ်းကလပ် ရိမ်းစ်နဲ့အတူ တောက်ပနေတဲ့ လူငယ်ကြယ်ပွင့် တိုက်စစ်မှူး အခီတီကေကို ခေါ်ယူဖို့ သဘောတူညီမှု ရရှိသွားခဲ့ကြောင်း ဥရောပ အခြေစိုက် သတင်းဌာနတွေက အခိုင်အမာ ဖော်ပြသွားကြပါတယ်။

အသက် ၁၉နှစ် အရွယ်သာ ရှိသေးတဲ့ ပြင်သစ် လူငယ်ကြယ်ပွင့် တိုက်စစ်မှူး အခီတီကေဟာ အလားအလာကောင်းတွေ ပိုင်ဆိုင်ထားတဲ့ လူငယ်ကြယ်ပွင့် တဦး ဖြစ်ပြီး ယခုနှစ် ဘောလုံးရာသီမှာ ရိမ်းစ်အတွက် ပြိုင်ပွဲစုံ ၂၇ပွဲ ပါဝင် ကစားပေးထားရာ သွင်းဂိုး ၁၁ဂိုး သွင်းယူထားနိုင်ကာ ဂိုးဖန်တီးမှု ၅ကြိမ် ပြုလုပ်နိုင်ခဲ့ပါတယ်။

Photo Credit: Sky Sports

အထောင်တိုက်စစ်မှူးနဲ့ ဘယ်တောင်ပံတိုက်စစ် နေရာတွေမှာ ကစားနိုင်စွမ်း ရှိတဲ့ အခီတီကေက တဦးချင်း အရည်အသွေး ကောင်းမွန်တဲ့ တိုက်စစ်မှူး တဦး ဖြစ်သလို သူ့ရဲ့ နေရာယူမှုတွေက အာဆင်နယ်နဲ့ ဘာစီလိုနာတို့ရဲ့ တိုက်စစ်မှူးဟောင်း အွန်နရီနဲ့ ဆင်တူတယ်လို့ ပြင်သစ် ဘောလုံးရေးရာ ကျွမ်းကျင်သူတွေက မှတ်ချက်ပြုထားပါတယ်။

ဒါကြောင့်ပဲ နယူးကာဆယ်ဟာ ပြီးခဲ့တဲ့ ဇန်နဝါရီ အပြောင်းအရွှေ့မှာထဲက အခီတီကေကို အစီအစဉ်တွေ ချမှတ်ထားခဲ့တာ ဖြစ်ပြီး လက်ရှိမှာတော့ နယူးကာဆယ်က အခီတီကေကို ခေါ်ယူဖို့ ရိမ်းစ်နဲ့ရော ကစားသမားနဲ့ပါ သဘောတူညီမှု ရယူနိုင်ခဲ့ပါပြီ။

Photo Credit: Sky Sports

နာမည်ကြီး သတင်းထောက် ဖာဘရီဇီယို ရိုမာနိုရဲ့ ဖော်ပြချက်အရ နယူးကာဆယ်က အခီတီကေ အတွက် ရိမ်းစ်ထံ ကနဦး ပြောင်းရွှေ့ကြေး ယူရို ၃၀သန်း + အပိုဆုကြေး ယူရို ၅သန်း ပေးချေဖို့ သဘောတူညီထားပြီး အခီတီကေကိုတော့ ၅နှစ် သက်တမ်း ရှိတဲ့ စာချုပ်တရပ် ချုပ်ဆိုသွားမယ်လို့ သိရပါတယ်။

လက်ရှိအချိန်မှာတော့ အခီတီကေက နယူးကာဆယ်နဲ့ အပြောင်းအရွှေ့ကို အပြီးသတ်ဖို့ အင်္ဂလန်မြေဆီ လာရောက်ရန် ပြင်ဆင်နေပြီး မကြာမီမှာပဲ နယူးကာဆယ်က အခီတီကေရဲ့ အပြောင်းအရွှေ့ကို တရားဝင် ကြေညာဖို့ ရှိနေပါတယ်။