ပရီးမီးယားလိဂ်ပြိုင်ပွဲမှာ အစဉ်အလာ ကြီးမားခဲ့သလို ယခုအချိန်မှာ အရင်ကလို ထိပ်သီးအသင်း တသင်း ဖြစ်လာအောင် ပြန်လည် ကြိုးပမ်းနေတဲ့ နယူးကာဆယ်က လိုင်လီရဲ့ ဗဟိုခံစစ်မှူး ဘော့မန်းကို ခေါ်ယူဖို့ သဘောတူညီမှု ရရှိခဲ့ပြီး မကြာခင်မှာ ဘော့မန်းကို ဆေးစစ်မှုတွေ လုပ်ဆောင်တော့မယ်လို့ သိရပါတယ်။

ဆော်ဒီ တော်ဝင်မိသားစုရဲ့ ဝယ်ယူခြင်းကို ခံခဲ့ရပြီးနောက် ပရီးမီးယားလိဂ်ပြိုင်ပွဲမှာ အင်အားကြီးအသင်း တသင်း ပြန်ဖြစ်လာအောင် ကြိုးပမ်းနေတဲ့ နယူးကာဆယ်က ပြီးခဲ့တဲ့ ဇန်နဝါရီလ အပြောင်းအရွှေ့မှာ ငွေကြေး မြောက်မြားစွာ သုံးစွဲကာ အသင်းရဲ့ လူအင်အားကို မြှင့်တင်ခဲ့သလို ယခု နွေဈေးကွက် အတွင်းမှာလည်း ဥရောပရဲ့ နာမည်ကြီးအသင်းတွေနဲ့ ယှဉ်ပြိုင်ကာ ကစားသမားသစ်တွေ ခေါ်ယူဖို့ ကြိုးပမ်းနေတာပဲ ဖြစ်ပါတယ်။

Photo Credit: Daily Mail

အသက် ၂၂နှစ် အရွယ်သာ ရှိသေးတဲ့ နယ်သာလန် ယူ-၂၁ လက်ရွေးစင် ဗဟိုခံစစ်မှူး ဘော့မန်းက ပြီးခဲ့တဲ့ ဘောလုံးရာသီတွေမှာ လိုင်လီနဲ့အတူ တောက်ပခဲ့တဲ့ လူငယ်ကြယ်ပွင့် တဦး ဖြစ်ကာ ပြီးခဲ့တဲ့ ဘောလုံးရာသီမှာ လိုင်လီအတွက် ပြိုင်ပွဲစုံ ၃၂ပွဲ ပါဝင် ကစားပေးခဲ့ရာ သွင်းဂိုး ၃ဂိုး သွင်းယူနိုင်ခဲ့ပြီး ဂိုးဖန်တီးမှု ၁ကြိမ် ပြုလုပ်နိုင်ခဲ့ပါတယ်။

ဒါကြောင့်ပဲ အီတလီ စီးရီးအေ ချန်ပီယံ အေစီမီလန်က ဘော့မန်းကို ခေါ်ယူဖို့ ကာလရှည် ကြိုးပမ်းခဲ့ပေမယ့် နယူးကာဆယ်ဟာ ဘော့မန်းကို ခေါ်ယူနိုင်ဖို့ လိုင်လီဘက်က မငြင်းဆန်နိုင်တဲ့ ပြောင်းရွှေ့ကြေး တရပ်နဲ့ ကမ်းလှမ်းခဲ့သလို ဘော့မန်းကိုလည်း အေစီမီလန်ဆီ ပြောင်းရွှေ့သွားရင် ရမယ့် လုပ်ခလစာတွေထက် ပိုမို များပြားတဲ့ လုပ်ခလစာ ပေးချေမယ်လို့ ကတိပေးခဲ့တာကြောင့် အေစီမီလန်ကို ကျော်ဖြတ်ပြီး ဘော့မန်းကို ခေါ်ယူဖို့ သဘောတူညီမှု ရရှိသွားခဲ့တာပဲ ဖြစ်ပါတယ်။

Photo Credit: Daily Mail

နာမည်ကြီး သတင်းထောက် ဖာဘရီဇီယို ရိုမာနိုရဲ့ ဖော်ပြချက်အရ နယူးကာဆယ်က ဘော့မန်းအတွက် လိုင်လီထံ ကနဦး ပြောင်းရွှေ့ကြေး ယူရို ၃၇သန်း + အပိုဆုကြေးတွေ ပေးချေရဖို့ ရှိနေပြီး ဘော့မန်းကိုတော့ မြင့်မားတဲ့ လုပ်ခလစာ တရပ်နဲ့အတူ ၅နှစ် သက်တမ်း ရှိတဲ့ စာချုပ်တရပ် ချုပ်ဆိုမယ်လို့လည်း သိရပါတယ်။

ဘော့မန်းက လာမယ့် သီတင်းပတ်မှာပဲ အင်္ဂလန်နိုင်ငံဆီ လာရောက်ကာ ဆေးစစ်မှုတွေ လုပ်ဆောင်ဖို့ စီစဉ်ထားပြီး နယူးကာဆယ်ကတော့ ဘော့မန်းကို ခေါ်ယူနိုင်ခဲ့ပြီးနောက် သူတို့အသင်းရဲ့ နောက်ထပ် ပစ်မှတ် ကစားသမား တဦး ဖြစ်သူ အက်ခီတီခီကို ခေါ်ယူနိုင်ဖို့ ဆက်လက် ကြိုးပမ်းနေပါတယ်။