ပရီးမီးယားလိဂ် နာမည်ကြီးအသင်း တသင်း ဖြစ်တဲ့ အာဆင်နယ်ရဲ့ နည်းပြဖြစ်သူ မီခေး အာတီတာ ကတော့ ယနေ့မနက် အစောပိုင်းမှာ ယှဉ်ပြိုင် ကစားခဲ့တဲ့ ပရီးမီးယားလိဂ် ပွဲစဉ်(၃၇)မှာ နယူးကာဆယ်ကို ၂-၀ ဆိုတဲ့ ရလဒ်နဲ့ အဝေးကွင်းမှာ ဂိုးပြတ် ရှုံးနိမ့်ခဲ့ရပြီးနောက် နယူးကာဆယ်ရဲ့ ကစားပုံက သူတို့အသင်းထက် ဆယ်ဆ ပိုမို သာလွန်ခဲ့ကြောင်း ဖွင့်ဟ ဝန်ခံသွားခဲ့ပါတယ်။

ချန်ပီယံလိဂ်ဝင်ခွင့် အတွက် မြို့ခံပြိုင်ဘက် စပါးနဲ့ ယှဉ်ပြိုင်နေရတဲ့ အာဆင်နယ်ဟာ ယနေ့မနက် အစောပိုင်းမှာ ယှဉ်ပြိုင် ကစားခဲ့တဲ့ နယူးကာဆယ်နဲ့ ပွဲစဉ်မှာ အနိုင်ရလဒ် ရရှိမှသာ ချန်ပီယံလိဂ်ဝင်ခွင့် တနေရာစာ ဖြစ်တဲ့ အဆင့်၄နေရာကို ဆက်လက် ထိန်းသိမ်းနိုင်ဖို့ ရှိခဲ့ပေမယ့် အဝေးကွင်းမှာ နယူးကာဆယ်ကို ရှုံးနိမ့်ခဲ့တာကြောင့် ချန်ပီယံလိဂ်ဝင်ခွင့်နဲ့ အလှမ်း ဝေးကွာတဲ့ အနေအထားကို ရောက်ရှိသွားခဲ့ရပါတယ်။

Photo Credit: Mirror

နယူးကာဆယ်ရဲ့ အိမ်ကွင်း စိန့်ဂျိမ်းပါ့တ်မှာ ကစားခဲ့ရတဲ့ ပွဲစဉ်မှာ နိုင်ပွဲကို ပိုမို ရရှိချင်ခဲ့တဲ့ အသင်းက အာဆင်နယ် ဖြစ်ခဲ့ပေမယ့် အိမ်ရှင် နယူးကာဆယ်ရဲ့ ခြေစွမ်းပိုင်းက အာဆင်နယ်ထက် ပိုမို သာလွန်နေခဲ့ပြီး နယူးကာဆယ်က ဒုတိယပိုင်း သွင်းဂိုးတွေနဲ့အတူ အာဆင်နယ်ကို အနိုင်ရရှိကာ အမြောက်တပ်သားတွေရဲ့ ချန်ပီယံလိဂ်ဝင်ခွင့် အိမ်မက်ကို ဖျက်ဆီးပစ်ခဲ့တာပါ။

နယူးကာဆယ်ကို ရှုံးနိမ့်ခဲ့တဲ့ ပွဲစဉ်မှာ အာဆင်နယ်ရဲ့ ဦးဆောင်သူ မရှိမှု ၊ တိကျ သေချာတဲ့ နည်းစနစ်ပိုင်း မရှိမှုတို့ကို ရှင်းရှင်းလင်းလင်း မြင်တွေ့ခဲ့ရသလို အာဆင်နယ်နည်းပြ အာတီတာကလည်း နယူးကာဆယ်က သူတို့အသင်းထက် နိုင်ပွဲနဲ့ ပိုမို ထိုက်တန်တဲ့ အသင်းတသင်း ဖြစ်ကြောင်း ပွဲအပြီးမှာ ဖွင့်ဟ ဝန်ခံသွားခဲ့ပါတယ်။

Photo Credit: Mirror

အာတီတာက – “နယူးကာဆယ်က ဒီပွဲရဲ့ အနိုင်ရလဒ်နဲ့ ထိုက်တန်ခဲ့သလို ကျွန်တော်တို့ထက်လည်း အဆပေါင်းများစွာ ပိုမို ကောင်းမွန်ခဲ့ပါတယ်။ သူတို့က ပွဲရဲ့ အစိတ်အပိုင်းတိုင်းမှာ ကျွန်တော်တို့ထက် ပိုကောင်းခဲ့ကြပါတယ်။ ဘောလုံးယှဉ်လုတာ ၊ ပြန်ကျဘောလုံးတွေကို ရယူတာ စတဲ့ အစိတ်အပိုင်းတွေမှာ ကျွန်တော်တို့က သူတို့ကို မယှဉ်နိုင်ခဲ့ပါဘူး။ ဒါ့အပြင် ကျွန်တော်တို့ရဲ့ ဘောလုံးကိုင် ကစားခဲ့တဲ့ ပုံစံကလည်း အတော်လေး အားနည်းနေခဲ့သလို ခံစစ်ပိုင်းကပါ လျော့တိလျော့ရဲ ဖြစ်နေခဲ့ပါတယ်။ ဒီပွဲမှာ ကျွန်တော်တို့တွေ စီစဉ်ထားတဲ့ အတိုင်း မကစားနိုင်ခဲ့တာက အသေအချာပါပဲ။ ဒုတိယပိုင်းမှာ ကျွန်တော်တို့တွေ ပိုကောင်းအောင် ကစားသင့်တယ် ဆိုတာ သိပေမယ့် ထင်ထားသလို မလုပ်နိုင်ခဲ့ပါဘူး။ ဒီနေ့ပွဲမှာ ကျွန်တော်တို့ရဲ့ ကစားပုံက အတော်လေး စိတ်ပျက်စရာ ကောင်းခဲ့ပါတယ်။ နယူးကာဆယ်က ကျွန်တော်တို့ထက် ၁၀ဆ ပိုကောင်းခဲ့တာပါ။ ကျွန်တော်တို့တွေ ချန်ပီယံလိဂ်ဝင်ခွင့် ရချင်ရင် ဒီလို ကစားပုံမျိုးနဲ့ ကစားနေလို့ မရပါဘူး” လို့ ထုတ်ဖော် ပြောကြားသွားခဲ့တာပါ။