MySport Myanmar

သူရဲ့ idol ယာနူဇိုက်ကြောင့် နံပါတ်(၄၄)ကို ဝတ်ဆင်ဖြစ်ခဲ့ကြောင်း ကူလူဆက်ဗ်စကီး ဖွင့်ဟ

ဆောင်းရာသီ အပြောင်းအရွှေ့ စျေးကွက်ရဲ့ နောက်ဆုံးနေ့ Transfer Deadline Day မှာပဲ ဂျုဗင်တပ်စ်အသင်းကနေ စပါးအသင်းဆီကို ပြောင်းရွှေ့ရောက်ရှိလာခဲ့တဲ့ တောင်ပံကစားသမား ဒီဂျန်ကူလူဆက်ဗ်စကီးက သူပါဝင်ကစားခဲ့တဲ့ ကလပ်အသင်းဟောင်းတွေမှာ ကျောနံပါတ်(၄၄)ကိုပဲ ရွေးချယ်ဝတ်ဆင်ရခြင်းက သူအားကျရတဲ့ ဘောလုံးသမား အဒမ်ယာနူဇိုက်ကြောင့် ဖြစ်တယ်လို့ သိရှိရပါတယ်။

Photo Credit : Twitter

မန်ချက်စတာယူနိုက်တက်အသင်းရဲ့ ကစားသမားဟောင်းတစ်ဦးဖြစ်တဲ့ ယာနူဇိုက်ဟာ ယူနိုက်တက်မှာ သူရဲ့စီနီယာ ကစားသမားဘဝကို စတင်ခွင့် ရရှိခဲ့တုန်းက ကျောနံပါတ်(၄၄)ကို ဝတ်ဆင်ခဲ့ပြီး ပရိသတ် အချစ်တော် ကစားသမားတစ်ဦး ဖြစ်လာတဲ့အထိ ခြေစွမ်းပြသနိုင်ခဲ့ပါတယ်။ ကူလူဆက်ဗ်စကီး ဆယ်ကျော်သက်အရွှယ်တုန်းက ယာနူဇိုက်ဟာ ယူနိုက်တက်အသင်းနဲ့အတူ ဆွီဒင်နိုင်ငံအတွင်းမှာ ခြေစမ်းပွဲတွေမှာ လာရောက်ကစားစဉ် မကြောက်မရွှံ ကစားတတ်တဲ့ ယာနူဇိုက်ရဲ့ ကစားဟန်ကို မျက်ဝါးထင်ထင် မြင်ခဲ့ရတဲ့ ကူလူဆက်ဗ်စကီးက ယာနူဇိုက်ကို သူရဲ့ idol အဖြစ် သတ်မှတ်ခဲ့တဲ့အပြင် သူဘောလုံးသမားတစ်ဦး ဖြစ်လာတဲ့အခါမှာလည်း သူ့ idol ဝတ်ဆင်ခဲ့တဲ့ ကျောနံပါတ်(၄၄)ကို ဆက်တိုက်ဝတ်ဆင်ခဲ့တာ ဖြစ်ပါတယ်။

Photo Credit : The Sun

လက်ရှိမှာ အသက်(၂၆)နှစ်အရွှယ် ရှိနေပြီဖြစ်တဲ့ ဘယ်လ်ဂျီယံ တောင်ပံကစားသမား ယာနူဇိုက်ဟာ လာလီဂါကလပ် ရီးယဲလ်ဆိုစီဒက်မှာ ပါဝင်ကစားနေပြီဖြစ်ပြီး သူ့ကို idol အဖြစ် သတ်မှတ်ထားခဲ့တဲ့ အသက်(၂၁)နှစ်အရွှယ် ဆွီဒင်တောင်ပံကစားသမား ကူလူဆက်ဗ်စကီးကတော့ မနေ့ကပဲ ဂျုဗင်တပ်စ်ကနေ စပါးအသင်းဆီ ပြောင်းရွှေ့လာခဲ့ပြီ ဖြစ်ပါတယ်။ ကူလူဆက်ဗ်စကီးအနေနဲ့ သူရဲ့ idol ယာနူဇိုက် စီနီယာ ကစားသမားဘဝ စတင်ရာ ပရီးမီးယားလိဂ်ပြိုင်ပွဲဆီကို စတင်ပြောင်းရွှေ့လာခဲ့ပြီဖြစ်ပြီး အသင်းသစ်အတွက် ဘယ်လောက်အထိ စွမ်းဆောင်ပေးသွားနိုင်မလဲ ဆိုတာကလည်း စိတ်ဝင်စားဖို့ကောင်းနေပါတယ်။ ကူလူဆက်ဗ်စကီးဟာ အတ္တလန်တာ ပါးမားနဲ့ ဂျုဗင်တပ်စ်အသင်းတွေမှာ ကျောနံပါတ်(၄၄)တွေကို ဝတ်ဆင်ခဲ့တာဖြစ်ပေမယ့် အခု အသင်းသစ်ဖြစ်တဲ့ စပါးမှာတော့ သူရဲ့လက်ရှိအသက်နဲ့အတူဖြစ်တဲ့ ကျောနံပါတ်(၂၁)ကို ဆက်လက်ဝတ်ဆင်သွားရမှာ ဖြစ်ပါတယ်။ ကူလူဆက်ဗ်စကီးနဲ့ သူရဲ့ဂျုဗီအသင်းဖော် ဘန်တန်ကာတို့ဟာ အပြောင်းအရွှေ့စျေးကွက် မပိတ်သိမ်းခင်မှာ စပါးအသင်းဆီကို ပြောင်းရွှေ့လာခဲ့တာဖြစ်ပြီးတော့ ကွင်းလယ်လူ ဘန်တန်ကာက စပါးအသင်းမှာ ကျောနံပါတ်(၃၀)ကို ဝတ်ဆင်သွားမှာ ဖြစ်ပါတယ်

Exit mobile version