နွေဈေးကွက်ထဲမှာ ချယ်လ်ဆီးအသင်းကနေ ရီးယဲလ်မက်ဒရစ်အသင်းကို အလွတ်ပြောင်းရွှေ့ကြေးနဲ့ ပြောင်းရွှေ့ရောက်ရှိလာခဲ့တဲ့ ဂျာမနီနောက်ခံကစားသမား အန်တိုနီယိုရူဒီဂါက တနင်းလာနေ့က ပြုလုပ်ခဲ့တဲ့ မိတ်ဆက်ပွဲမှာ သူအနေနဲ့ ရီးယဲလ်အသင်းဆီကို ပြောင်းရွှေ့လာနိုင်ဖို့အတွက် ဘာစီလိုနာရဲ့ ကမ်းလှမ်းမှုကိုပါ ငြင်းဆန်ပယ်ချခဲ့တယ်လို့ ထုတ်ဖော်ပြောဆိုသွားခဲ့ပါတယ်။

Antonio Rudiger revealed he rejected Barcelona to join Real Madrid

Photo Credit : The Sun

အသက်(၂၉)နှစ်အရွယ်ရှိ ဂျာမနီလက်ရွေးစင် ဗဟိုနောက်ခံကစားသမား ရူဒီဂါဟာ ချယ်လ်ဆီးအသင်းရဲ့ အဓိကနောက်ခံလူတစ်ဦး ဖြစ်ပေမယ့်လည်း အသင်းနဲ့ စာချုပ်သက်တမ်း ပြည့်မြောက်ချိန်မှာ ထပ်မံသက်တမ်းတိုးခြင်း မရှိတော့ပဲ ရီးယဲလ်အသင်းဆီကိုသာ (၄)နှစ်သက်တမ်းရှိတဲ့ စာချုပ်တစ်ရပ်နဲ့အတူ အလွတ်ပြောင်းရွှေ့ကြေးနဲ့ ပြောင်းရွှေ့ခဲ့ပါတယ်။ ရူဒီဂါ ရီးယဲလ်အသင်းဆီ မပြောင်းရွှေ့ခင်က သူ့ကို ဥရောပထိပ်တန်း ကလပ်အသင်းများစွာက အလိုရှိခဲ့ပြီး အဲ့ဒီအသင်းတွေထဲမှာ ရီးယဲလ်ရဲ့ အခါးသီးဆုံးပြိုင်ဘက် ဘာစီလိုနာအသင်းပါ ပါဝင်နေခဲ့တယ်လို့ ရူဒီဂါက ရီးယဲလ်ကစားသမားသစ် မိတ်ဆက်ပွဲ အခမ်းအနားမှာ ထုတ်ဖော်ပြောဆိုခဲ့ပါတယ်။

Rudiger is Real's newest signing

Photo Credit : 90Min

ရူဒီဂါက “ဒီနေ့က ကျွန်တော့်အတွက် တကယ့်ကို ထူးခြားတဲ့ နေ့ရက်လေးပါ။ ကျွန်တော်ရဲ့မိဘတွေကိုလည်း ကျေးဇူးတင်စကား ဆိုချင်ပါတယ်။ သူတို့တွေသာမရှိခဲ့ရင် ကျွန်တော် ဒီနေ့ ဒီနေရာကို မရောက်လာနိုင်ပါဘူး။ ဒီကလပ်အသင်းကြီးမှာ ပါဝင်ကစားရဖို့ အခွင့်အရေးတွေ ပေးခဲ့တဲ့ အသင်းဥက္ကဌကြီးကိုလည်း ကျွန်တော် ကျေးဇူးတင်စကား ပြောဆိုချင်ပါတယ်။ ကျွန်တော့်ကို သောင်းသောင်းဖျဖျ ကြိုဆိုပေးခဲ့တဲ့ အသင်းပရိသတ်တွေကိုလည်း ကျေးဇူးတင်မိပါတယ်။ အားလုံးအတွက် ကျွန်တော့်ဘက်က အကောင်းဆုံး ပေးဆပ်သွားမယ်လို့လည်း ကတိပေးပါတယ်။ ကျွန်တော် ဒီမှာ ရနိုင်သမျှ ဆုဖလားတွေအားလုံးကို ရယူသွားချင်ပါတယ်။ ဘာစီလိုနာအသင်းဆီကနေလည်း ကျွန်တော့်အပေါ် စိတ်ဝင်စားမှုတွေ ရှိခဲ့ပါသေးတယ်။ ဒါပေမယ့် ကျွန်တော်ကတော့ ရီးယဲလ်မှ မဟုတ်ရင် ဘယ်အသင်းမှကို မပြောင်းရွှေ့ဘူးလို့ ကျွန်တော့်ရဲ့အေးဂျင့်ကို ပြောခဲ့ပါတယ်။ ကျွန်တော် အန်စလော့တီနဲ့ နှစ်ကြိမ်တိုင်တိုင် စကားပြောပြီးကတည်းက ရီးယဲလ်အသင်းမှာ ကစားဖို့အတွက် ဆုံးဖြတ်ချက်လိုက်ပါတယ်” လို့ ရှင်းလင်းပြောဆိုသွားခဲ့ပါတယ်။ ရူဒီဂါဟာ ရီးယဲလ်အသင်းမှာ ကျောနံပါတ် (၂၂)ကို ဝတ်ဆင်ရမှာဖြစ်ပြီး သူအကြိုက်ဆုံး နံပါတ်က (၂)ဖြစ်နေပေမယ့် ကာဗာဟယ်က (၂)ကို ဝတ်ဆင်ထားတာဖြစ်လို့ (၁၂)နဲ့ (၂၂)ထဲကမှ (၂၂)ကို ရွေးချယ်လိုက်တာ ဖြစ်တယ်လို့ ပြောဆိုထားခဲ့ပါတယ်။